၂၉.၁၁.၂၀၂၅
Written by Linn Eain
ရွေးကောက်ပွဲအနိုင်ရရှိပြီး အစိုးရသစ်တစ်ရပ်ဖွဲ့စည်းနိုင်လျှင် နိုင်ငံတော်အစိုးရက ယခုလုပ်ဆောင်လျက်ရှိသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအတိုင်း ဆက်လက်လုပ်ဆောင်သွားမည်ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီက ပြောကြားခဲ့သည်။
ထို့အပြင် ငြိမ်းချမ်းရေးသည် တိုင်းပြည်အတွက် အရေးကြီးပြီး ယခုလုပ်နေသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအားလုံးကောင်းကြောင်း ဦးခင်ရီက ပြောကြားခဲ့ကြောင်း သိရသည်။
ဧရာ၀တီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် နိုဝင်ဘာ ၂၇ ရက်က ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲကြေညာစာတမ်းရှင်းလင်းခြင်းနှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မဲဆန္ဒနယ်မြေအသီးသီးမှ ပါတီကိုယ်စားပြု ဝင်ရောက်အရွေးချယ်ခံကြမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများအား ပြည်သူ့ထံသို မိတ်ဆက်အပ်နှံခြင်းအခမ်းအနားအပြီး သတင်းမီဒီယာများနှင့် တွေ့ဆုံစဉ် ဦးခင်ရီက ထိုသို့ ဖြေကြားခဲ့ခြင်းဖြစ်သည်။
“ငြိမ်းချမ်းရေးက တိုင်းပြည်အတွက်အရေးကြီးတယ်။ ကျွန်တော်ကိုယ်တိုင်လည်း သမ္မတကြီးဦးသိန်းစိန်လက်ထက်က ငြိမ်းချမ်းရေးကို ထဲထဲဝင်ဝင် အားနဲ့ပါခဲ့တယ်။ ကျွန်တော်က KNU တာဝန်ယူခဲ့တာပေါ့။ ခုနက ကျွန်တော်ပြောသလို အခုလုပ်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ အားလုံးက ကောင်းတယ်၊ အားလုံးကောင်းတယ်။ အဲဒီအတိုင်းကို ကျွန်တော်တို့ဆက်ပြီးလုပ်မယ်။ NCA က ခိုင်မာတဲ့ ဘယ်လိုခေါ်မလဲ စာချုပ်စာတမ်းတစ်ခုပဲ။ အခုချိန်ထိ NCA က ပျက်သွားတာမဟုတ်ဘူး။ ထွက်သွားတာပဲ ရှိတယ်” ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီက ဖြေကြားခဲ့သည်။
ဆက်လက်၍ ငြိမ်းချမ်းရေးတွင် Political Will ဟု ခေါ်သည့် နိုင်ငံရေးအရ ဆန္ဒရှိရန် ပိုအရေးကြီးကြောင်း ဦးခင်ရီက ပြောကြားသည်။
“အဲဒီတော့ ကျွန်တော်ပြောသလိုပေါ့။ ကျွန်တော့်အတွေ့အကြုံအရ ငြိမ်းချမ်းရေးမှာ Trust တို့ Confidence တို့ အရေးကြီးတယ်။ ဒါ့ထက်အရေးကြီးတာက Political Will လို့ခေါ်တယ်။ နိုင်ငံရေးအရ ဆန္ဒရှိဖို့လိုတယ်။ နိုင်ငံရေးအရ ဆန္ဒရှိဖို့ ကျွန်တော်ဖန်တီးယူသွားမယ်။ အဲဒါဆိုရင် ငြိမ်းချမ်းရေးခရီးက သိပ်မဝေးဘူးလို့ ကျွန်တော်ထင်တာပဲဗျ “ ဟု ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးခင်ရီက သတင်းမီဒီယာများနှင့် တွေ့ဆုံစဉ် ဖြေကြားခဲ့သည်။
ပုသိမ်မြို့တွင် ပြုလုပ်ခဲ့သည့် အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ၊ ပါတီဗဟိုအတွင်းရေးမှူး ဒေါက်တာသန်းထွန်း၊ ဗဟိုအလုပ်အမှုဆောင် ဦးအောင်တင်မြင့်၊ ဧရာဝတီတိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးသိန်းထွန်း၊ တိုင်းပါတီကော်မတီဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်လောင်းများ၊ ဖိတ်ကြားထားသူများနှင့် မဲဆန္ဒရှင်ပြည်သူများ၊ ပါတီဝင်များနှင့် ဝန်းရံသူများ စုစုပေါင်းအင်အား ၁၄၀၀ ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
