MT News
၂၉. ၁၁. ၂၀၂၅
မြန်မာနိုင်ငံအနေဖြင့် ရှေးဟောင်း Classic မော်တော်ယာဉ်များအား တန်ဖိုးထားထိန်းသိမ်းနိုင်ရေး၊ သမိုင်းဝင်ယာဉ်များအဖြစ် တရားဝင်မှတ်တမ်းတင်ခွင့်ပြုနိုင်ရေးအတွက် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနတွင် ယခင်က မှတ်ပုံတင်ထားရှိပြီး သက်တမ်းတိုး ဆက်လက်ဆောင်ရွက်ခြင်းမရှိသည့်အတွက် မှတ်ပုံတင်ဖျက်သိမ်းပြီးဖြစ်သည့် 1980 Model နှင့် ၎င်းမတိုင်မီယာဉ်များအား ရှေးဟောင်း Classic မော်တော်ယာဉ်အဖြစ် သတ်မှတ်ဒဏ်ကြေးဖြင့် ပြန်လည်မှတ်ပုံတင်ဆောင်ရွက်ပေးမည်ဖြစ်သည်။
မှတ်ပုံတင်ဆောင်ရွက်ရာတွင် မူလမှတ်ပုံတင်ထားရှိခဲ့ သောယာဉ်များကိုသာ ပြန်လည်မှတ်ပုံတင်ဆောင်ရွက်ပေးမည်ဖြစ်ပြီး ယာဉ်အမှတ်အား ရောက်ရှိယာဉ်အမှတ် အသစ်ဖြင့် သတ်မှတ်ပေးမည်ဖြစ်သည်။ သို့သော် ယခင် မှတ်ပုံတင်ထားခြင်း မရှိသော ရှေးဟောင်းယာဉ်များအား မှတ်ပုံတင်ပေးမည် မဟုတ်ပေ။
ရှေးဟောင်း Classic မော်တော်ယာဉ်များ ပြန်လည် အသေးစိတ် မှတ်ပုံတင်ဆောင်ရွက်ခြင်းအား သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်/ခရိုင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ရုံးများတွင် (၁-၁၂-၂၀၂၅)ရက်မှ (၃၁-၃-၂၀၂၆)ရက်အထိဆက်သွယ်ဆောင်ရွက်နိုင်ကြောင်းနှင့် အချက်အလက်များအား www.motc.gov.mm, myanmarrtad.com တို့တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်းလည်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနက အသိပေးကြေညာထားသည်။
ရှေးဟောင်း Classic မော်တော်ယာဉ်များ ပြန်လည်မှတ်ပုံတင် ဆောင်ရွက်ခြင်းအား ယမန်နှစ်ကလည်း ဖေဖော်ဝါရီ ၁ ရက်မှ ဇူလိုင် ၃၁ ရက်အထိ ဆောင်ရွက်ပေးခဲ့သည်။
