◾ မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် ဘယ်လာရုစ်သမ္မတနှင့်အတူ ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်ကြည်ညို
◾ မြန်မာနိုင်ငံသို့ တရားဝင် ချစ်ကြည်ရေးခရီး ရောက်ရှိနေသည့် ဘယ်လာရုစ်နိုင်ငံသမ္မတနှင့် မြန်မာနိုင်ငံတော်ယာယီသမ္မတတို့ နှစ်နိုင်ငံအထိမ်းအမှတ် သစ်ပင်ကို အတူတကွစိုက်ပျိုး
၂၈. ၁၁. ၂၀၂၅
Written by Nyein Kyaw
မြန်မာ-ဘယ်လာရုစ် နှစ်နိုင်ငံအကြား သိပ္ပံနှင့်နည်းပညာ၊ အကောက်ခွန်၊ ပို့ကုန်ချေးငွေမူဘောင်၊ ကုန်သွယ်ရေး၊ စီးပွားရေးတို့အတွက် နားလည်မှုစာချွန်လွှာများကို နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် ဘယ်လာရုစ်သမ္မတတို့ ရှေ့မှောက်တွင် နှစ်နိုင်ငံတာဝန်ရှိသူများက ယနေ့ လက်မှတ်ရေးထိုးကြပြီး စာချွန်လွှာများကို အပြန်အလှန်လဲလှယ်ကြသည်။
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်နှင့် ဘယ်လာရုစ်သမ္မတနိုင်ငံတို့အကြား နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ သမ္မတအိမ်တော်တွင် ကျင်းပခဲ့ခြင်းဖြစ်သည်။
အဆိုပါ လက်မှတ်ရေးထိုးပွဲတွင် သိပ္ပံနှင့်နည်းပညာဆိုင်ရာပူးပေါင်းဆောင်ရွက်မှု နားလည်မှုစာချွန်လွှာများ၊ အကောက်အခွန်ဆိုင်ရာကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှု စာချွန်လွှာများ၊ ပို့ကုန်ချေးငွေမူဘောင် သဘောတူညီချက်နှင့် နိုင်ငံတော်အဆင့် စံချိန်စံညွှန်းသတ်မှတ်ခြင်း၊ အရည်အသွေးကိုက်ညီမှု စစ်ဆေးခြင်း၊ တိကျစွာတိုင်းတာခြင်းနှင့် အသိအမှတ်ပြုခြင်းနယ်ပယ်တို့တွင် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာများအား လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။




ထို့ပြင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးဆိုင်ရာ လမ်းပြမြေပုံ၊ ကုန်သွယ်ရေး၊ စီးပွားရေး၊ သိပ္ပံ၊ နည်းပညာနှင့် ယဉ်ကျေးမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုစာချွန်လွှာများ၊ တရားမဝင်နှင့် ကူးသန်းရောင်းဝယ် ရေး ဆိုင်ရာကိစ္စရပ်များတွင် ဥပဒေရေးရာအပြန်အလှန် အကူအညီပေးရေးသဘောတူစာချုပ်နှင့် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာများအား လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။
အဆိုပါ နားလည်မှုစာချွန်လွှာများအား နှစ်နိုင်ငံပြည်ထောင်စုဝန်ကြီးများနှင့် မြန်မာနိုင်ငံဆိုင်ရာ ဘယ်လာရုစ်နိုင်ငံ သံအမတ်ကြီးတို့က နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော် လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် ဘယ်လာရုစ်သမ္မတ နိုင်ငံသမ္မတတို့ ရှေ့မှောက်တွင် လက်မှတ်များရေးထိုးကြပြီး စာချွန်လွှာများကို အပြန်အလှန် လဲလှယ်ခဲ့ကြခြင်းသည်။
ထို့နောက် နိုင်ငံတော်ယာယီသမ္မတနှင့် ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတတို့က မီဒီယာများအား နှစ်နိုင်ငံ ပူးတွဲကြေညာချက်များကို အပြန်အလှန်ပြောကြားခဲ့ပြီးနောက် နိုင်ငံတော်ယာယီသမ္မတသည် ဘယ်လာရုစ်သမ္မတနိုင်ငံသမ္မတ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ဝင်များအား ဂုဏ်ပြုနေ့လယ်စာဖြင့် တည်ခင်းဧည့်ခံသည်။
ထို့အတူ မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် ဘယ်လာရုစ်နိုင်ငံသမ္မတနှင့်အတူ နိုင်ငံတော်ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့က မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်ကြည်ညိုခဲ့သလိုပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံနှင့် ဘယ်လာရုစ်သမ္မတနိုင်ငံတို့အကြား နှစ်နိုင်ငံသံတမန် ချစ်ကြည်ရင်းနှီးမှု အဓွန့်ရှည်တည်တံ့စေရန် ရည်ရွယ်၍ ဘယ်လာရုစ်သမ္မတနိုင်ငံသမ္မတနှင့် မြန်မာနိုင်ငံတော် ယာယီသမ္မတတို့သည် နေပြည်တော် အမျိုးသားပရဆေးဥယျာဉ်ရှိ သတ်မှတ်နေရာ၌ နှစ်နိုင်ငံအထိမ်းအမှတ် ကံ့ကော်ပင်အား အတူတကွ စိုက်ပျိုးပေးကြကာ ဘယ်လာရုစ်သမ္မတနိုင်ငံသမ္မတက ကမ္ဗည်းကြေးပြားအား အမွှေးနံ့သာဖြင့် ပက်ဖျန်းပေးခဲ့ကြောင်း သိရသည်။
