◾️ သတ်မှတ်ချိန်အတွင်း ဖြုတ်သိမ်းမှုမရှိပါက ကော်မရှင်ခွဲများက စည်ပင်ကော်မတီများနှင့် ညှိနှိုင်းပြီး ဖြုတ်သိမ်းမည်ဖြစ်ပြီး သက်ဆိုင်ရာပါတီနှင့် ကိုယ်စားလှယ်လောင်းမှ ကုန်ကျစရိတ် ပေးချေရန် တာဝန်ရှိ
◾️ ရွေးကောက်ပွဲစည်းရုံးကာလ ရက်ပေါင်း ၆၀ အပြင် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် မဲဆွယ်စည်းရုံးကာလကို ၂၀၂၅ ဒီဇင်ဘာ ၂၉ ရက်မှ ဇန်နဝါရီ ၉ ရက်နေ့ညအထိ ၁၂ ရက် သတ်မှတ်ပေးထား
၂၈. ၁၂. ၂၀၂၅
Written by Nyein Kyaw
ရွေးကောက်ပွဲ အပိုင်း (၁) မြို့နယ်များအတွက် မဲဆွယ်စည်းရုံးသည့် ကြော်ငြာ၊ ပိုစတာများကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်နေ့ နောက်ဆုံး ဖြုတ်သိမ်းရမည်ဖြစ်ပြီး အပိုင်း (၂) မြို့နယ်များအတွက် မဲဆွယ်စည်းရုံးသည့် ကြော်ငြာ၊ ပိုစတာများကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၉ ရက်နေ့ နောက်ဆုံးထား ဖြုတ်သိမ်းရမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က ယနေ့တွင် ကြေညာချက်အမှတ် (၁၅၁/၂၀၂၅) ဖြင့် အသိပေးကြေညာထားသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စတင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၁) တွင် ပါဝင်သည့် မြို့နယ် ၁၀၂ မြို့နယ်စာရင်းကို (၂၀-၈-၂၀၂၅) ရက်နေ့တွင် ကြေညာချက်အမှတ် (၅၆/၂၀၂၅) ဖြင့် လည်းကောင်း၊ အပိုင်း(၂) တွင် ပါဝင်သည့် မြို့နယ် ၁၀၀ မြို့နယ်စာရင်းကို (၂၈-၁၀-၂၀၂၅) ရက်နေ့တွင် ကြေညာချက်အမှတ် (၁၄၁/၂၀၂၅) ဖြင့်လည်းကောင်း ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်သည်။

ထို့အတူ ရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိသည့် မဲဆန္ဒနယ်(မြို့နယ်) ၅၆ မြို့နယ် စာရင်းကို (၁၄ – ၉ – ၂၀၂၅) ရက်နေ့တွင် ကြေညာချက်အမှတ် (၁၀၃/၂၀၂၅) ဖြင့်လည်းကောင်း၊ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီများနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများအတွက် မဲဆွယ်စည်းရုံးခွင့်ကာလကို ရက်ပေါင်း ၆၀ ( ၂၈-၁၀-၂၀၂၅) ရက်နေ့ နံနက် ၀၆၀၀ နာရီမှ (၂၆ – ၁၂ – ၂၀၂၅) ရက်နေ့ ည ၁၂ နာရီအထိ ) ခွင့်ပြုကြောင်း (၁၅ – ၁၀- ၂၀၂၅) ရက်နေ့တွင် ကြေညာချက်အမှတ် (၁၃၄/၂၀၂၅) ဖြင့်လည်းကောင်း ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်သည်။
ရွေးကောက်ပွဲ တည်ငြိမ်အေးချမ်းအောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် မဲဆန္ဒရှင်ပြည်သူလူထုအနေဖြင့် နိုင်ငံရေးပါတီကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်လောင်း သို့မဟုတ် တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်း တစ်ဦးဦးအား လွတ်လပ်စွာ ဆန္ဒမဲပေးနိုင်ရန်အလို့ငှာ ရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိသည့် ၅၆ မြို့နယ်မှအပ ကျန်တိုင်းဒေသကြီး/ပြည်နယ်အလိုက် ရွေးကောက်ပွဲကျင်းပမည့် မြို့နယ်များအားလုံးတွင် (၂၆ – ၁၂ – ၂၀၂၅) ရက်နေ့ ည ၁၂ နာရီအချိန်မှ (၂၈- ၁၂-၂၀၂၅) ရက်နေ့ ရွေးကောက်ပွဲ ကျင်းပပြီးသည်အထိ ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးခြင်းတို့ကို ရပ်နားထားရမည်ဖြစ်ပြီး ရွေးကောက်ပွဲ အပိုင်း (၁) မြို့နယ်များအတွက် မဲဆွယ်စည်းရုံးသည့် ကြော်ငြာ၊ ပိုစတာများကို (၂၆-၁၂-၂၀၂၅) ရက်နေ့ ည ၁၂ နာရီအချိန် နောက်ဆုံးထား၍ ဖြုတ်သိမ်းပေးရမည်ဖြစ်သည်။
ရွေးကောက်ပွဲအပိုင်း (၂) တွင် ပါဝင်သည့် မြို့နယ်များအတွက် ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးခြင်းကို (၂၉ -၁၂-၂၀၂၅) ရက်နေ့မှစ၍ ဆက်လက် ဆောင်ရွက်နိုင်မည်ဖြစ်ပြီး (၉-၁-၂၀၂၆) ရက်နေ့ ည ၁၂ နာရီ အချိန်မှ (၁၁-၁- ၂ဝ၂၆) ရက်နေ့ အပိုင်း (၂) ရွေးကောက်ပွဲ ကျင်းပပြီးသည်အထိ ရပ်နားထားရမည်ဖြစ်သည်။ ရွေးကောက်ပွဲ အပိုင်း (၂) မြို့နယ်များအတွက် မဲဆွယ်စည်းရုံးသည့် ကြော်ငြာ၊ ပိုစတာများကို (၉-၁-၂၀၂၆) ရက်နေ့ ည ၁၂ နာရီအချိန် နောက်ဆုံးထား၍ ဖြုတ်သိမ်းရမည်ဖြစ်ပါသည်။
ရွေးကောက်ပွဲ အပိုင်း(၃) အတွက် သတ်မှတ်ရက်များအား ဆက်လက်ထုတ်ပြန် ကြေညာပေးမည်ဖြစ်ပြီး မဲဆွယ်စည်းရုံးခွင့်သတ်မှတ်ကာလအတွင်း လက်ကမ်းစာစောင်များ ရေးသားပုံနှိပ် ထုတ်ဝေဖြန့်ချိခြင်း၊ ကြော်ငြာဆိုင်းဘုတ်များ၊ ဗွီနိုင်းပိုစတာများ စိုက်ထူချိတ်ဆွဲခြင်း၊ စုဝေးဟောပြောခွင့်နှင့် မီဒီယာများမှ မဲဆွယ်စည်းရုံးခွင့်တို့ကို သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ ၃၀-က နှင့် နည်းဥပဒေ အခန်း (၁၀) ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ရန် ဖြစ်ပြီး ရွေးကောက်ပွဲအပိုင်း (၁) နှင့် (၂) မြို့နယ်များအတွက် မဲဆွယ်စည်းရုံးသည့် ကြော်ငြာ၊ ပိုစတာများကို အပိုင်းလိုက် မဲဆွယ်စည်းရုံးခွင့်ပြုထားသည့် နောက်ဆုံးရက်များတွင် ဖြုတ်သိမ်းပေးရမည်ဖြစ်သည်။
သတ်မှတ်အချိန်ထိ မဲဆွယ်စည်းရုံးသည့် ကြော်ငြာ၊ ပိုစတာများ ဖြုတ်သိမ်းထားခြင်း မရှိပါက မြို့နယ်ကော်မရှင်အဖွဲ့ခွဲများသည် သက်ဆိုင်ရာ မြို့တော်စည်ပင်သာယာရေးကော်မတီ သို့မဟုတ် မြို့နယ်စည်ပင်သာယာရေးကော်မတီများနှင့် ညှိနှိုင်း၍ ကြော်ငြာ၊ ပိုစတာများအား ဖြုတ်သိမ်းသွားစေမည်ဖြစ်သည်။
ယင်းသို့ ကြော်ငြာ၊ ပိုစတာ ဖြုတ်သိမ်းခြင်းလုပ်ငန်း ဆောင်ရွက်ရသည့် ကုန်ကျစရိတ်ကျသင့်ငွေအား သက်ဆိုင်ရာနိုင်ငံရေးပါတီတစ်ခုခု သို့မဟုတ် လွှတ်တော်ကိုယ်စားလှယ်လောင်းမှ ပြန်လည်ပေးချေရန် တာဝန်ရှိမည်ဖြစ်ကြောင်း အသိပေး ကြေညာထားသည်။
