MT News
၂၈. ၁၁. ၂၀၂၅
ရှမ်းပြည်နယ်၊ မိုင်းရယ်မြို့မှတစ်ဆင့် ရန်ကုန်မြို့တွင် ရောင်းဝယ်ရန် သယ်ဆောင်လာသည့် ကျပ် ၁၅ ဘီလျံကျော်တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၁ တန်ကျော်အား လွိုင်လင်မြို့နယ်တွင် ဖမ်းဆီးရမိခဲ့သည်။
ဖြစ်စဥ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာလ ၁၆ ရက်နေ့ ည ၆ နာရီအချိန် လွိုင်လင်မြို့၊ ရပ်ကွက်(၂)၊ လွိုင်လင်-တောင်ကြီးသွားကားလမ်းတွင် တင်မျိုးထွန်း မောင်းနှင်ပြီး ဇော်ဂွန်း လိုက်ပါလာသော Nissan ၆ ဘီးမော်တော်ယာဉ်အား သတင်းအရ စစ်ဆေးရှာဖွေခဲ့ရာ ယာဉ်ပေါ်မှ အိုက်စ်(မက်သ်အဖက်တမင်း) ၁ ဒသမ ၁၁၇ တန်(၎င်းဒေသတန်ဖိုးငွေကျပ် ၁၅ ဒသမ ၆၃၈ ဘီလျံခန့်)ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
တရားခံများကို စစ်ဆေးဖော်ထုတ်ချက်အရ ဖမ်းဆီးရမိ အိုက်စ်(မက်သ်အဖက်တမင်း)များအား သယ်ဆောင်ခိုင်းသူမှာ လားရှိုးမြို့နေ မာဒီး(ခ)ဂွန်ဂျာအောင်(ဖမ်းဆီးရန်ကျန်)နှင့် ကွတ်ခိုင်မြို့နယ်၊ ကောင်းခါးကျေးရွာနေ တန်ဂွန်း(ဖမ်းဆီးရန်ကျန်)တို့ဖြစ်ပြီး မိုင်းရယ်မှ ရန်ကုန်သို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
