၂၈.၁၁.၂၀၂၅
Written By Thandar
နာမည်ကြီး အနုပညာရှင်တွေနဲ့အတူ ပါဝင်ဆော့ကစားကြမယ့် “ကိဠာ” ကစားပွဲ အစီအစဉ်ကို နိုဝင်ဘာ ၃၀ ရက် ည ၈ နာရီမှာ MRTV-4 ရုပ်သံလိုင်းက ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။

“ဒီပြိုင်ပွဲမှာတော့ ကိုယ့်ပိုင်နံပါတ်လေးတွေပေးထားပြီးတော့ အချင်းချင်းတွေ ပါဝင်ယှဉ်ပြိုင်ကြရတာပါ။ ၀၁၃ ကတော့ ဝေလာရဲ့ နံပါတ်လေးပါ။ ဝေလာကတော့ အားလုံးနဲ့အဆင်ပြေအောင် နေတတ်တယ်။ ထိုင်တတ်တယ်။ လူတစ်ယောက်ကို ဘယ်လိုချဉ်းကပ်ရမယ်၊ ဘယ်လိုကိုင်တွယ်ရမယ်ဆိုတာ ဝေလာကောင်းကောင်းသိတယ်။ အားလုံးအဆင်ပြေမယ်ပေါ့။ ခုချိန်မှာ သဘောကောင်းတဲ့သူကလည်း ပြိုင်ပွဲအတွင်းမှာ သဘောမကောင်းတဲ့သူ ဖြစ်သွားနိုင်ပါတယ်။ ကံနဲ့ဆော့ရတာတွေလည်း ပါသလို အားနဲ့မာန်နဲ့ ဆော့ရတာတွေလည်း ပါပါတယ်။ ကိုယ်ကံကောင်းတဲ့ ကစားနည်းတွေ ကျဖို့လည်း ဆုတောင်းပါတယ်”လို့ သရုပ်ဆောင် ဝေလာရီက ပြောပါတယ်။


အဆိုပါ ကစားပွဲမှာ ပါဝင်ယှဉ်ပြိုင်ကြမယ့် ကစားသမားတွေအနေနဲ့ ဆုမွန်၊ ကျော်ထက်ဇော်၊ အာဒံဦး၊ စူးရှထူးကြည်၊ ဝင့်ယမုံနိုင်၊ ဈာန်ရှိုင်း၊ ဝေလာရီ၊ စည်သူဝင်း၊ လိမ္မော်သီး၊ သိင်္ခသူ၊ ထွန်းပုလဲရတနာ၊ အိမ့်သီရိကျော်၊ ဝေရှိုင်း၊ ခန့်အုပ်စိုး၊ မာယုသာ၊ နှင်းအိဝင့်ဝါ၊ ဆက်ယွန်းတွယ်တာ၊ အေးသီတာ၊ နေဝန်း၊ ရီယန်၊ သဲတုန်၊ ကောင်းမြတ်စံ၊ စည်သူထက်၊ ဟေမာမန်ဝင်း စတဲ့သူတွေပါဝင်ထားကြပါတယ်။
ဒီပြိုင်ပွဲမှာတော့ ပျော်စရာဂိမ်းတွေရော၊ စိန်ခေါ်မှုများတဲ့ ဂိမ်းတွေကို ယှဥ်ပြိုင်ပြီး Winner တစ်ယောက်ကို ရွေးချယ်ပေးမယ်လို့ သိရပါတယ်။
“ကိဠာ” ကစားပွဲ အစီအစဉ်ကို MRTV- 4 ရုပ်သံလိုင်းကနေ အပတ်စဉ် တနင်္ဂနွေနေ့ ည ၈ နာရီတိုင်းထုတ်လွှင့်နေပြီးတော့ စနေနေ့ ည ၈ နာရီတိုင်း ပြန်လည်ထုတ်လွှင့်ပြသနေလျက်ရှိပါတယ်။
