◾️ ဖလူး (မင်းလက်ပံ) ဒေသဖြစ်ရပ်တွင် DKBA ဟု KNU က အမည်တပ်သော်လည်း မူလက KKO အဖွဲ့ဖြစ်သည့် DKBA သည် KNU ကို မိခင်အဖွဲ့အစည်းအဖြစ် ခံယူထားသော အဖွဲ့ဖြစ်ပြီး မင်းလက်ပံဒေသ အွန်လိုင်းလိမ်လည်မှုများကို KNU က ထဲထဲဝင်ဝင်သိနေဟုပါ ဆို
နေမိုး
၂၈. ၁၁. ၂၀၂၅
KNU/ PDF အဖွဲ့က မင်းလက်ပံရွာမှ အွန်လိုင်းလိမ်လည်မှုလုပ်ငန်း ဦးစီးလုပ်ကိုင်နေသူဟု ယူဆရသော ပြည်ပနိုင်ငံသား ၂၀ ခန့်ကို မော်တော်ယာဉ်များ၊ ဆီပီပါ အလုံး ၁၀၀ ခန့်အပြင် ငွေထည့်ထားသော မီးခံသေတ္တာ ကားလေးစီးတိုက်စာကို ဖမ်းဆီးခေါ်ဆောင် သယ်ထုတ်သွားသည်ဟု မြဝတီဒေသတွင် ဖြစ်ပေါ်နေသော Online လောင်းကစားမှုများကို နှိမ်နင်းနေသည့် အခြေအနေများနှင့်ပတ်သက်၍ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောကြားလိုက်သလို ဖလူး (မင်းလက်ပံ) ဒေသဖြစ်ရပ်တွင် အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများကို လုပ်ကိုင်နေသည့် DKBA ဟု KNU က အမည်တပ်သော်လည်း မူလက KKO အဖွဲ့ဖြစ်သည့် DKBA သည် KNU ကို မိခင်အဖွဲ့အစည်းအဖြစ် ခံယူထားသော အဖွဲ့ဖြစ်ပြီး မင်းလက်ပံဒေသ အွန်လိုင်းလိမ်လည်မှုများကို KNU က ထဲထဲဝင်ဝင်သိနေသည်ဟုပါ ပြောကြားလိုက်သည်။


“ဒီကြားထဲမှာ အကြမ်းဖက် KNU အဖွဲ့အနေနဲ့ နိုဝင်ဘာလ ၂၅ ရက်နေ့က ဖလူး(မင်းလက်ပံ) ဒေသမှာ ဖြစ်ပွားခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီး ထုတ်ပြန်ချက်၊ တောင်းဆိုချက်တစ်ခု လုပ်ကြံထုတ်ပြန်လာတာကို တွေ့ရပါတယ်။ ထုတ်ပြန်ချက်မှာ DKBA အမည်နဲ့ စွပ်စွဲထားတာဖြစ်ပါတယ်။ ကျွန်တော်ကတော့ ဒီနေရာမှာ KKO/DKBA ဆိုတဲ့ အသုံးအနှုန်းကိုပဲ သုံးစွဲသွားပါမယ်။ ၂၀၁၂ ခုနှစ် ဧပြီလမှာ DKBA ဟာ ကလိုထူးဘောကရင်အစည်းအရုံး (KKO) ကို ဖွဲ့စည်းခဲ့ပါတယ်။ အဲဒီတုန်းက ဥက္ကဋ္ဌက မန်းရောဘတ်ဇန်ဖြစ်ပါတယ်။ ဒုဥက္ကဋ္ဌက စောမိုရှေးဖြစ်ပါတယ်။ သူတို့စတင်ဖွဲ့စည်းစဉ်က ထုတ်ပြန်ချက်ထဲမှာ KKO အဖွဲ့သည် ကရင်အမျိုးသားအစည်းအရုံး(KNU)အား မိခင်အဖွဲ့အစည်းအဖြစ် ခံယူတယ်လို့ပါဝင်ပါတယ်။ အကြမ်းဖက် KNU အဖွဲ့ရဲ့ ထုတ်ပြန်ချက်ကို လေ့လာကြည့်ရင် သူတို့ဟာ ဖလူး (မင်းလက်ပံ) ဒေသနဲ့ ပါဝင်ပတ်သက်နေသူတွေကို အတွင်းကျကျ သိနေတာကို တွေ့နိုင်ပါတယ်။ အဲဒီကိစ္စမှာ KNU ကိုယ်တိုင် ထဲထဲဝင်ဝင် ပတ်သက်နေတာဖြစ်ပါတယ်။ အကြမ်းဖက် KNU ရဲ့ ထုတ်ပြန်ချက်နဲ့ လက်တွေ့မြေပြင်မှာ ဖြစ်ပျက်နေတာကလည်း ကွာခြားနေတာ တွေ့ရပါတယ်။ ဂြိုဟ်တု ဓာတ်ပုံမှတ်တမ်းများအရ ယခုအခင်းဖြစ်ပွားခဲ့ရာနေရာ ဖလူး၊ မင်းလက်ပံဒေသဟာ KNU တို့ရဲ့ KK Park ရဲ့ တောင်ဘက် အနီးအနားမှာပဲရှိတဲ့နေရာ ဖြစ်ပါတယ်။ ၂၀၂၄ ခုနှစ် မတိုင်မီက ဘာမှမရှိခဲ့ပါဘူး။ ၂၀၂၄ ခုနှစ်မှာ အဆောက်အအုံတွေ စတင်ဆောက်လုပ်လာပါတယ်။ ဒီအချိန်မှာ ကျွန်တော်ပြောခဲ့သလို အဲ့ဒီဒေသမှာ KNU နဲ့ အပေါင်းပါ အကြမ်းဖက်အဖွဲ့တွေရဲ့ ကရင်ပြည်နယ် နယ်စပ်ဒေသတွေမှာ သောင်းကျန်းတိုက်ပွဲဖော်ဆောင်တဲ့ အချိန်ဖြစ်လို့ အစိုးရရဲ့လုံခြုံရေးအဖွဲ့အစည်း၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများ မရှိချိန်ဖြစ်ပါတယ်။ KNU ရဲ့ ထုတ်ပြန်ချက်စာမျက်နှာ(၁)အပိုဒ် ၂ မှာ ‘‘ KNU တပ်ဖွဲ့များက ၎င်း DKBA တပ်ဖွဲ့များ တပ်စွဲထား၍ တိုက်ခိုက်သည့် နေရာအားရှင်းလင်းရာ DKBA တပ်ဖွဲ့ဝင်အနည်းဆုံး ၂၃၀ လက်နက်ချပြီး ၎င်းအခြေချစခန်းအား KNU မှ ထိန်းသိမ်းနိုင်ခဲ့သည်” ဟု ရေးသားထားပါတယ်။ တကယ့်ဖြစ်စဉ်မှာတော့ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၁ ရက်နေ့၊ နေ့လယ် ၂ နာရီလောက်မှာ မင်းလက်ပံရွာကို KNU နဲ့ PDF အကြမ်းဖက်အဖွဲ့အချို့ ကားသုံးစီးနဲ့ရောက်လာပါတယ်။ ခင်ဗျားတို့ ကျွန်တော်တို့စဉ်းစားကြည့်နော်။ မင်းလက်ပံရွာမှာရှိတဲ့ DKBA ၊ KKO ပေါ့ဗျာ သူတို့အချင်းချင်းဟာ တကယ့်ရန်ဘက်တွေ၊ ရန်သူတွေဆိုရင် ဒီလိုကားနဲ့ ပေါ်ပေါ်တင်တင်လာမလား။ ပြီးတော့ အဲဒီနေရာက KKO လုံခြုံရေးယူထားတဲ့ ဂိတ်ကို ရောက်လာပြီး KKO အဖွဲ့က ဗိုလ်မှူးအဆင့်ရှိ စောဖားထီးကို ခေါ်ပြီး KKO အဖွဲ့ကို လက်နက်တွေ သူတို့ဆီအပ်ဖို့ ပြောခဲ့တယ်လို့ သိရပါတယ်။ စောဖားထီးက သူတို့ကို ဒီနေရာမှာ တာဝန်ခံက သူမဟုတ်ကြောင်း၊ စောကျော်ကိုမင်း(ခေါ်) သခွားသီး ဖြစ်ကြောင်းနဲ့ သူတို့ကို မဖမ်းဖို့ပြောခဲ့ပါတယ်။ KNU/PDF အဖွဲ့အနေနဲ့ သူတို့ကို KNU ဗဟိုက ဖမ်းခိုင်းတာဖြစ်ကြောင်းနဲ့ KKO ဆီက လက်နက် အလက် ၁၇၀ နဲ့ အဖွဲ့ဝင်အချို့ကို ဖမ်းဆီးသွားခဲ့ပါတယ်။ အဲဒီကိစ္စတွေဖြစ်နေချိန် မှာပဲ KNU/PDF အကြမ်းဖက်အဖွဲ့က KKO ခေါင်းဆောင်တွေဆီ ဆက်သွယ်ပြီး စောကျော်ကိုမင်း(ခေါ်)သခွားသီးကို မင်းလက်ပံမှာ မတွေ့တဲ့အတွက် ဖမ်းဆီးအပ်နှံပေးဖို့ တောင်းဆိုခဲ့တယ်ဆိုတာ သိရပါတယ်။ KNU/PDF အဖွဲ့က ဖမ်းသွားတဲ့ KKO တွေ ပြန်လွတ်မြောက်ရေးအတွက် KKO ခေါင်းဆောင်တွေ KNU နဲ့ ဆက်သွယ်ညှိနှိုင်းနေတယ်ဆိုတာလည်း သိရပါတယ်။ မရှေးမနှောင်းမှာပဲ နိုဝင်ဘာ ၂၄ ရက်နေ့မှာ DKBA/KKO အနေနဲ့ KNU က တောင်းထားတဲ့ စောကျော်ကိုမင်း(ခေါ်) သခွားသီးကို ဖမ်းဝရမ်းထုတ်ခဲ့ပါတယ်။ အဲဒီနေ့မှာပဲ သူတို့နယ်မြေအတွင်း နိုင်ငံခြားသားများ သယ်ဆောင်ခြင်းကို စစ်ဆေးတွေ့ရှိရင် ဖမ်းဆီးအရေးယူမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ ဒါတွေကိုကြည့်ရင် မင်းလက်ပံကိစ္စဟာ KNU သိတယ်။ ထဲထဲဝင်ဝင် ပါဝင်ပတ်သက်နေတယ်ဆိုတာ ထင်ရှားပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ရှင်းလင်းပြောကြားသည်။


KNU သည် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်တွင် PDF များကို မွေးထုတ်ပြီးနောက် ကျားဖြန့်ဖြင့် နာမည်ပျက်လာသော မြ၀တီဒေသကို ကာလအတော်ကြာ ထိန်းချုပ်ခဲ့သော်လည်း ကျားဖြန့်ဂိုဏ်းများကို ရှင်းလင်းမှုမပြုဘဲ တပ်မတော်က KNU နှင့် PDF ကို တိုက်ထုတ်ပြီး KK Park၊ ရွှေကုက္ကိုလ်နှင့် ကျောက်ခတ်ဒေသများကို ရှင်းလင်းချိန်မှ KKO တစ်ဖြစ်လည်း DKBA နေရာကို ဝင်စီးနင်းကာ ကျားဖြန့်ဂိုဏ်းခေါင်းဆောင်များနှင့် ငွေကြေးများကို ကဲ့ထုတ်ပြီး သာမန်အလုပ်သမား လူကုန်ကူးခံရသူများကိုသာ ပြည်ပသို့ ပြန်လည်လွှဲပြောင်းပေးမည်ဖြစ်ကာ KNU က ကျားဖြန့်နှိမ်နင်းကြောင်း နာမည်ကောင်းရရေး လုပ်ဆောင်နိုင်ရန် မင်းလက်ပံဒေသကို စီးနင်းလိုက်သည်ဟုလည်း MT News က နားလည်ထားသည်။
ထို့အတူ ဗိုလ်ချုပ်ဇော်မင်းထွန်းကလည်း တပ်မတော်က KK Park နှင့် ရွှေကုက္ကိုလ်တွင် ရှင်းလင်းရေးလုပ်ငန်းများ လုပ်ကိုင်နေစဉ် KNU က လာရောက်တိုက်ခိုက်မှုများရှိနေပြီး ထိုတိုက်ခိုက်မှုများမှာ KNU ၏ ကျားဖြန့်ဂိုဏ်းအကြောင်း အသေးစိတ်သိရှိသူများကို နှုတ်ပိတ်လိုခြင်းကြောင့်ဖြစ်ကြောင်းလည်း ပြောကြားသည်။
“KNU အကြမ်းဖက်အဖွဲ့တွေ့ရဲ့ ထုတ်ပြန်ချက် စာမျက်နှာ (၂) အပိုဒ်၂ မှာ “စစ်တပ်နှင့် ၎င်းတို့ကို ကူညီတိုက်ခိုက်ပေးနေသော တပ်ဖွဲ့များမှ ဆက်လက်ထိုးစစ်ဆင်နေပြီး တိုက်ပွဲများဖြစ်နေလို့ KNU အနေနဲ့ ၎င်းပတ်ဝန်းကျင်လုံခြုံရေးအတွက် ဆက်လက်တာဝန် ယူထားတယ်” လို့ ပါဝင်ပါတယ်။ ကျွန်တော်တို့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ အနေနဲ့ KK Park နဲ့ ရွှေကုက္ကိုလ်မှာ ရှင်းလင်းရေးလုပ်ငန်းတွေ ဆောင်ရွက်နေရပါတယ်။ အဲဒီနေရာတွေကို KNU အကြမ်းဖက်တွေက လာပစ်လို့ တိုက်ပွဲငယ်များ ဖြစ်နေပါတယ်။ KNU အနေနဲ့ ဒီလို လိမ်လည်ထုတ်ပြန်တာ အကြောင်းနှစ်ချက်ရှိပါတယ်။ နံပါတ်(တစ်) က မင်းလက်ပံမှာ သူတို့ထိန်းသိမ်းထားတဲ့သူတွေထဲက သူတို့အကြောင်း ထဲထဲဝင်ဝင်သိတဲ့လူတွေကို နှုတ်ပိတ်ချင်တာပါမယ်။ နှုတ်ပိတ်တာ လက်လွန်သွားရင် တိုက်ပွဲဖြစ်လို့ သေတာပါလို့ အကြောင်းပြချင်တာဖြစ်မယ်။ နံပါတ်(နှစ်)က သူတို့နဲ့ပတ်သက်တဲ့ သဲလွန်စတွေကို ဖျောက်ဖျက်ပြီး အခြားအဖွဲ့တွေအပေါ် အပြစ်ပုံချဖို့ ဖြစ်ပါမယ်။ ဒါကို ထင်ရှားစေတာကတော့ စာမျက်နှာ ၃ မှာ ပါတဲ့ နိုဝင်ဘာလ ၂၅ ရက်နေ့မှာ “ မနက်စောစောတွင် Scam အလုပ်သမား ရာပေါင်းများစွာသည် အသေခံဒရုန်းတိုက်ခိုက်မှုများ ရှိမည်ကြား၍ ထိတ်လန့်တုန်လှုပ်စွာ ခြံဝင်းအတွင်းမှ ထွက်ပြေးရန်ကြိုးစားခဲ့ကြသည်။ အဆောက်အအုံများအတွင်း အလုပ်သမားအချင်းချင်း ရန်ပွဲများဖြစ်နေသည့် ဆူညံသံများ၊ အရိပ်အယောင်များ တွေ့ရသည်” လို့ ရေးထားပါတယ်။ တကယ့်မြေပြင်မှာ ဖြစ်ပွားခဲ့တာကတော့ နိုဝင်ဘာ ၂၅ ရက်နေ့ နံနက် ၅ နာရီခွဲခန့်မှာ မင်းလက်ပံမှာ တရားမဝင်ရောက်ရှိပြီး KNU ရဲ့ ဖမ်းဆီးပိတ်လှောင်ခံထားရတဲ့ ပြည်ပနိုင်ငံသားများက သူတို့ကို ပိတ်လှောင်မထားဖို့ အဝတ်အစားတွေကို မီးရှို့ဆန္ဒပြ တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။ ဒါကို KNU/PDF အဖွဲ့က ပစ်ခတ်တယ်လို့ သိရပါတယ်။ ပြည်ပနိုင်ငံသားအချို့ ထိခိုက်ဒဏ်ရာရကြောင်းနဲ့ သေဆုံးနိုင်ဖွယ်ရှိကြောင်း သိရပါတယ်။ ကျွန်တော်တို့ရရှိထားတဲ့ မှတ်တမ်းဓာတ်ပုံများပဲ ဖြစ်ပါတယ်။ ဒါတွေဖြစ်ပြီးနောက်ပိုင်းမှာ နိုဝင်ဘာ ၂၅ ရက်နေ့ ည ၇ နာရီခွဲမှာ တရုတ်နိုင်ငံသား ၆၃၅ ဦး၊ လာအိုနိုင်ငံသား ၂၃ ဦး၊ ဗီယက်နမ်နိုင်ငံသား ၁၆ ဦး စုစုပေါင်း ၆၇၄ ဦးဟာ သောင်ရင်းမြစ် တစ်ဖက်ကမ်း ထိုင်းနိုင်ငံ မဲဆောက်မြို့ မဲ့ကိုကင်းကျေးရွာဘက်ကို ရောက်ရှိလာတယ်လို့ သိရပါတယ်။ အဲဒီနေ့ ညပိုင်းမှာပဲ မင်းလက်ပံထဲက အွန်လိုင်းလိမ်လည်မှုလုပ်ငန်း ဦးစီးလုပ်ကိုင်နေသူလို့ ယူဆရတဲ့ ပြည်ပနိုင်ငံသား ၂၀ လောက်ကို သူတို့ရဲ့ Double Cub မော်တော်ယာဉ်များ၊ ဆီပီပါ အလုံး ၁၀၀ ခန့်နဲ့၊ ငွေထည့်ထားတဲ့ မီးခံသေတ္တာ ကားလေးစီးတိုက်စာကို KNU/ PDF အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သယ်ထုတ်သွားကြောင်း သိရပါတယ်။ ကျန်သတင်းတွေ ရှိနေနိုင်ပါသေးတယ်။ ဒီလောက်ဆိုရင် အကြမ်းဖက် KNU ဘာလည်းဆိုတာ အားလုံးကသိနိုင်ပြီလို့ ပြောကြားလိုပါတယ်။” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုသည်။


ထို့အတူ မြ၀တီဒေသရှိ ကျားဖြန့်ဂိုဏ်းများမှာ NLD အစိုးရဟောင်း လက်ထက်က စတင်ခဲ့ပြီးနောက် ထို ကျားဖြန့်ဂိုဏ်းများ လည်ပတ်နိုင်အောင် KNU က နယ်မြေမတည်ငြိမ်ရေး ဖန်တီးပြီး ကုမ္ပဏီများတည်ထောင်လည်ပတ်ခဲ့သည်ဟုလည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆက်လက်ပြောကြားသည်။
“ကရင်ပြည်နယ် မြဝတီဒေသဆိုတာ ထိုင်း-မြန်မာ နှစ်နိုင်ငံနယ်စပ်တွင်ရှိပြီး အိန္ဒိယ- မြန်မာ-ထိုင်း သုံးနိုင်ငံ အာရှလမ်းမကြီး၏ အချက်အချာကျတဲ့ နယ်မြေဖြစ်ပါတယ်။ ဒီနယ်မြေမှာ ကရင်လက်နက်ကိုင်အဖွဲ့အစည်းအများစု အခြေချလှုပ်ရှားနေပါတယ်။ ၂၀၁၅ ခုနှစ်မှာ NCA သဘောတူစာချုပ်ကို ကရင်လက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ DKBA ၊ KNU/KNLA-PC ၊ KNU တို့ ပါဝင်လက်မှတ်ရေးထိုးခဲ့ပြီး နယ်မြေတည်ငြိမ်မှုရှိလာတာနဲ့အမျှ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေကို ဆောင်ရွက်ခဲ့ကြပါတယ်။ ဒီလိုငြိမ်းချမ်းရေးတည်ဆောက်နေတဲ့ကာလ ၂၀၁၆ ခုနှစ်မှာ အခွင့်ကောင်းယူတစ်ဖက်လှည့်အကြောင်းပြပြီး KNU တပ်မဟာ ၇ နယ်မြေထဲက ရွှေကုက္ကိုလ်စီမံကိန်းကို စတင်ခဲ့တာဖြစ်ပြီး ၂၀၁၇ ခုနှစ်အတွင်း ကျောက်ခတ်ကျေးရွာမှာ Chongkhaed Garden Resort လောင်းကစားရုံစီမံကိန်းနဲ့ ၂၀၂၀ ပြည့်နှစ် နှစ်ဦးပိုင်းမှာတော့ တပ်မဟာ ၆ နယ်မြေ မဲ့ထော်သလေးဒေသမှာ KK Park စီမံကိန်းတို့ကို စတင်လုပ်ဆောင်ခဲ့ကြကြောင်း တွေ့ရှိရပါတယ်။ KNU ခေါင်းဆောင်ပိုင်းတွေအနေနဲ့ လုပ်ပိုင်ခွင့်ကို တရားဥပဒေမဲ့အသုံးချကာ နိုင်ငံပိုင်မြေတွေကို နှစ်ရှည်စာချုပ်ချုပ်ပြီး ပြည်ပနိုင်ငံသားတွေကိုငှားရမ်းတာ၊ တရားမဝင်လောင်းကစားလုပ်ငန်းအပါအဝင် ဒုစရိုက်လုပ်ငန်းတွေကို အခကြေးငွေယူပြီး အကာအကွယ်ပေးတာတွေ လုပ်ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒီနယ်မြေမှာ အခြေချလာတဲ့ ပြည်ပနိုင်ငံသားတွေအများစုဟာ ကမ္ဘောဒီးယား နိုင်ငံက ကာစီနိုလောင်းကစားမြို့ဖြစ်တဲ့ သီဟာနုဘေလ်ကနေ ပြောင်းရွှေ့လာကြတာဖြစ်ပါတယ်။ ဒီသီဟာနုဘေလ်မှာ လောင်းကစားလုပ်ငန်းတွေ ထွန်းကားလာတဲ့အခါ ဒုစရိုက်မှုတွေထူပြောလာသလို ဒေသခံတွေအတွက် ဘာသာစကား မကျွမ်းကျင်မှုကြောင့် စီးပွားရေးလုပ်ရာမှာ အခက်အခဲတွေဖြစ်ခဲ့ရတဲ့အပြင် တစ်မြို့လုံးကို နိုင်ငံခြားသားတွေလွှမ်းမိုးလာခဲ့ပါတယ်။ ဒါ့အပြင် ကာစီနိုလုပ်ငန်းတွေနဲ့အတူ လူမိုက် မာဖီးယားတွေရဲ့ ဥပဒေမဲ့အနိုင်ကျင့်နှိပ်စက်မှုကိုလည်း ခံခဲ့ကြရကြောင်းတွေ့ရှိကြရပါတယ်။ ဒါ့ကြောင့် မြဝတီဒေသကိုလည်း သီဟာနုဘေလ်လိုဖြစ်မှာ ဒေသခံကရင်တိုင်းရင်းသားတွေက စိုးရိမ်ခဲ့ကြပြီး ဒီစီမံကိန်းတွေနဲ့ လောင်းကစားလုပ်ငန်းတွေကို လက်မခံဘဲ ကန့်ကွက်ခဲ့ကြပါတယ်။ ရွှေကုက္ကိုလ်၊ ကျောက်ခတ်နဲ့ KK Park မှာ ရှိနေတဲ့ ရာဇဝတ်ဂိုဏ်းတွေ၊ ငွေလိမ်ဂိုဏ်းတွေနဲ့ ပတ်သက်ဆက်နွှယ်နေတဲ့ KNU ခေါင်းဆောင်တွေကို ဖော်ထုတ်အရေးယူပေးဖို့ကိုလည်း ၂၀၂၃ ခုနှစ် ဧပြီလအတွင်း မှာ ကျင်းပတဲ့ KNU ကွန်ဂရက်မှာ တောင်းဆိုခဲ့တာ တွေ့ရှိရပါတယ်။ KNU က စုံစမ်းစစ်ဆေးရေးအဖွဲ့ တစ်ခုဖွဲ့စည်းပြီး စုံစမ်းမှုတွေ ဟန်ပြလုပ်ခဲ့တာကိုလည်း တွေ့ရှိရပါတယ်။ စစ်ဆေးတွေ့ရှိချက်တွေကို ပွင့်လင်းမြင်သာစွာနဲ့ ဒေသခံပြည်သူလူထုကို ဘာမှမချပြတဲ့အပြင် အရေးယူဆောင်ရွက်မှုတွေကိုလည်း ဘာတစ်ခုမှလုပ်တာ မတွေ့ရှိရပါဘူး။ ဒါကိုကြည့်ရင် ဒီမြဝတီဒေသမှာဖြစ်နေတဲ့ တရားမဝင်အွန်လိုင်း လိမ်လည်လောင်းကစားလုပ်ငန်းတွေမှာ KNU ခေါင်းဆောင်ပိုင်းက အတွင်းကျကျ ပါဝင်ပတ်သက်နေတယ်ဆိုတာ ထင်ရှားစွာတွေ့မြင်နိုင်မှာ ဖြစ်ပါတယ်။ မြဝတီဒေသမှာ အခုလိုမျိုး တရားမဝင်အဆောက်အအုံတွေ တိုးချဲ့ဆောက်လုပ်နေတာကို နိုင်ငံတော်အစိုးရအနေနဲ့ လက်ခံခွင့်ပြုပေးခဲ့တာ မဟုတ်ပါဘူး။ ဒီလုပ်ငန်းတွေရဲ့အစက ၂၀၁၇ ခုနှစ်က စတင်ခဲ့တဲ့ ရွှေကုက္ကိုလ်စီမံကိန်းဖြစ်ပါတယ်။ ရွှေကုက္ကိုလ်စီမံကိန်းဆိုတာ မြန်မာ-ရထိုက် ရွှေကုက္ကိုလ် အထူးစီးပွားရေးဇုန်စီမံကိန်းအဖြစ် Yatai International Holding Group နဲ့ ချစ်လင်းမြိုင်ကုမ္ပဏီတို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ စီမံကိန်းလုပ်ငန်းတွေ စတင်ဖို့ကို ၂၀၁၆ ခုနှစ်လောက်ကတည်းက ပြင်ဆင်ခဲ့တာဖြစ်ပြီး အဲဒီတုန်းက NLD အစိုးရရဲ့ ကရင်ပြည်နယ်ဝန်ကြီးချုပ်နဲ့ ဆွေးနွေးတိုင်ပင်မှုတွေ လုပ်ဆောင်ခဲ့ကြောင်းသိရှိရပါတယ်။ နောက်ပိုင်း ၂၀၁၇ ခုနှစ်၊ ဧပြီလထဲမှာ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ကို တင်ပြ ခွင့်ပြုချက်ယူခဲ့ကြောင်းသိရှိရပြီး ရင်းနှီးမြှုပ်နှံမှုကော်မရှင်ကတော့ စီမံကိန်းတင်ပြရာမှာ လောင်းကစားရုံတွေတည်ဆောက်မယ့်အစီအစဉ် မပါဝင်ဘူးလို့ဆိုခဲ့တာကိုလည်း တွေ့ရှိရပါတယ်။ ဒီစီမံကိန်းကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) က ၂၅ ဒသမ ၅ ဧကသာ ခွင့်ပြုခဲ့တာဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်၊ နှစ်ဦးပိုင်းမှာ ခွင့်ပြုပေးထားတဲ့ အဆောက်အအုံတွေထက် ပိုမိုဆောက်လုပ်နေကြောင်း ပြည်သူတွေက တိုင်ကြားတဲ့အတွက် ဒါနဲ့ ပတ်သက်ပြီးလည်း အဲဒီအချိန်က တာဝန်ရှိတဲ့ NLD အစိုးရအနေနဲ့ ၂၀၁၉ ခုနှစ် ဩဂုတ်လမှာ စုံစမ်းရေးအဖွဲ့ဖွဲ့စည်းပြီး ဆောင်ရွက်ခဲ့တာကြောင့် စီမံကိန်းလုပ်ငန်းတွေ ယာယီ ရပ်ဆိုင်းခဲ့တာကိုလည်း တွေ့ရှိရပါတယ်။ ဒီစီမံကိန်းကိစ္စကို အဲဒီတုန်းက ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်အစည်းအဝေးရဲ့(၁၇)ကြိမ်မြောက်ပုံမှန်အစည်းအဝေးမှာ မြဝတီမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်က မေးခွန်းမေးမြန်းတဲ့အတွက် ရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗရတ်ဆင်းက ပြန်လည် ဖြေကြားတဲ့အခါ မြေ ၂၅ ဒသမ ၅ ဧကပေါ်မှာ အဆင့်မြင့်လူနေအိမ်တွေ ဆောက်လုပ်ဖို့အတွက် ဥပဒေနဲ့အညီ စိစစ်ခွင့်ပြုခဲ့တာဖြစ်ကြောင်း၊ ဥပဒေအရ လိုက်နာရမဲ့ စည်းကမ်းချက်တွေကို လိုက်နာဖို့ပျက်ကွက်ရင်၊ ချိုးဖောက်သွေဖည်ခဲ့ရင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့တာ တွေ့ရှိရပါတယ်။ နောက်ပိုင်းမှာ လောင်းကစားလုပ်ငန်းတွေနဲ့ ပတ်သက်နေတဲ့သူတွေက ရပ်ဆိုင်းနေတဲ့လုပ်ငန်းတွေ ဆက်လုပ်လို့ရအောင် တရုတ်နိုင်ငံက အကောင်အထည်ဖော်နေတဲ့ BRI စီမံကိန်းမှာ ပါဝင်သယောင် ဝါဒဖြန့်ခဲ့တာ တွေ့ရှိရတဲ့အတွက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက BRI စီမံကိန်းမှာမပါဝင်ကြောင်း ၂၀၂၀ ပြည့်နှစ် ဇူလိုင်လတုန်းက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို သံအမတ်ကြီး မစ္စတာ ချန်ဟိုင်လာရောက်တွေ့ဆုံစဉ်မှာ ရှင်းလင်းတင်ပြခဲ့ပါတယ်။ ဒီရွှေကုက္ကိုလ်စီမံကိန်းတစ်ခုတည်းသာ နိုင်ငံတော်ကို တစ်စိတ်တစ်ပိုင်းတင်ပြပြီး ဆောင်ရွက်ခဲ့တာဖြစ်ပေမယ့် ကျန်တဲ့ကျောက်ခတ်နဲ့ KK Park စတဲ့ စီမံကိန်း တွေကတော့ လုံးဝတင်ပြခဲ့တာ မရှိဘူးဆိုတာလည်း တွေ့ရှိရပါတယ်။ နောက်လောင်းကစားလုပ်ငန်းစီမံကိန်းတစ်ခုဖြစ်တဲ့ မြဝတီမြို့နယ်၊ ကျောက်ခတ်ကျေးရွာမှာ လုပ်နေတဲ့ Chongkhaed Garden Resort လောင်းကစားရုံစီမံကိန်းကို KKO အဖွဲ့က ဗိုလ်မှူးချုပ်အဆင့် ရှိတဲ့ စိုင်းကျော်လှက ၂၀၁၇ ခုနှစ်မှာ စတင်ခဲ့တာဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလမှာတော့ ထိုင်းနိုင်ငံအခြေစိုက် ထိုက်ချန်ကုမ္ပဏီနဲ့ စာချုပ်ချုပ်ပြီး Online လိမ်လည်လောင်းကစားမှုလုပ်ငန်းတွေကို တိုးချဲ့လုပ်ကိုင်ခဲ့တာဖြစ်ကြောင်း စိစစ်တွေ့ရှိ ရပါတယ်။ KK Park စီမံကိန်းကိုတော့ KNU အဖွဲ့ရဲ့ မုလအိအလင်း (Mu La Ei Ahlin) ကုမ္ပဏီနဲ့ ဟွာ့ည အပြည်ပြည်ဆိုင်ရာ စီးပွားရေးလုပ်ငန်းစု (Huanya International Holding Group) လက်အောက်ခံ ထိုင်းနိုင်ငံ အခြေစိုက် Trans Asia International Holding Group တို့က ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလအတွင်းမှာ သဘောတူစာချုပ်ချုပ်ပြီး စတင်လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ ဒီစာချုပ်မှာ မုလအိအလင်းဘက်က အသိသက်သေများအနေနဲ့ လက်ရှိ KNU ဥက္ကဋ္ဌအဖြစ် တာဝန်ယူနေတဲ့ စောကွယ်ထူးဝင်းနဲ့ KNU ကာကွယ်ရေးဌာနရဲ့ အကြီးအကဲဖြစ်တဲ့ စောရော်ဂျာခင်တို့ကိုယ်တိုင် လက်မှတ်ရေးထိုးထားကြောင်းကိုလည်း ကျွန်တော်တင်ပြခဲ့ပြီး ဖြစ်ပါတယ်။ အဲဒီ မုလအိအလင်း ကုမ္ပဏီဆိုတာ KNLA စစ်ဦးစီးချုပ်အဆင့်ရှိ စောဂျော်နီရဲ့ သားအကြီးဆုံးဖြစ်တဲ့ စောဒို့စိုးဂျော်နီက ပိုင်ဆိုင်တာဖြစ်ပြီး မြေပြင်မှာတော့ သူ့လူယုံတွေဖြစ်တဲ့ စောဝင်းကျော်နဲ့ စောကျော်သူတို့က လုပ်ကိုင်နေတာဖြစ်ကြောင်းကိုလည်း စိစစ်တွေ့ရှိရပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆက်လက်ပြောကြားသည်။
