နေမိုး
၂၈. ၁၁. ၂၀၂၅
ဆိုင်ကယ်တစ်စီးဖြင့် အခြားရွာဘက်သို့ကူးသန်းသွားလာသည့် ပြည်သူ့စစ်အဖွဲ့ဝင်ဟောင်းတစ်ဦးကို PDF နှစ်ဦးက ဆိုင်ကယ်တစ်စီးဖြင့် နောက်ကလိုက်ပြီး ချောင်းမြောင်းပစ်သတ်လိုက်မှု ရေးမြို့နယ်တွင် ဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်မှာ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၆ ရက် ည ၇ နာရီတွင် မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အစင်ကျေးရွာနေ ပြည်သူ့စစ်အဖွဲ့ဝင်ဟောင်းဖြစ်သူ ဦးစံဖဲ(ခ)အောင်ဖဲ(၅၆)နှစ်သည် အစင်ကျေးရွာမှ ဇီးဖြူသောင်ကျေးရွာသို့ ဆိုင်ကယ်ဖြင့် တစ်ဦးတည်းထွက်ခွာလာစဉ် ဇီးဖြူသောင် ကျေးရွာတံတားအနီးအရောက်၌ PDF နှစ်ဦးက ဆိုင်ကယ်တစ်စီးဖြင့် နောက်မှ ချောင်းမြောင်းလိုက်ပါလာပြီး အလစ်အငိုက်တွင် သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ဦးစံဖဲ(ခ)အောင်ဖဲတွင် ကျည်ထိမှန် ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။
နွေဦးတော်လှန်ရေးစတင်ချိန်မှ ယခုနှစ် ဩဂုတ်လ ၁၄ ရက်နေ့အထိ အကြမ်းဖက်အဖွဲ့များ၏ သတ်ဖြတ်မှုကြောင့် သံဃာတော် အပါး ၁၀၀ ကျော်၊ ကျောင်းသားကျောင်းသူများအပါအဝင် ကလေးသူငယ် ၃၅၇ ဦး၊ အုပ်ချုပ်ရေးဝန်ထမ်း ၁,၂၅၃ ဦး၊ ဆရာ/ဆရာမ ၁၂၀ ဦးနှင့် ကျန်းမာရေးဝန်ထမ်း ၂၄ ဦး အပါအဝင် အပြစ်မဲ့ပြည်သူ ၉,၆၁၆ ဦးမှာ “ဒလန်၊ သူလျှို၊ သတင်းပေး၊ ပျူစောထီး၊ နစကယန္တရားလည်ပတ်အောင် ပြုလုပ်ပေးသူ” ဆိုသည့် စွပ်စွဲချက်များနှင့် NLD, CRPH, NUG, PDF, EAOs တို့၏ သတ်ဖြတ်မှုကို ခံထားရသလို ထိုအထဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် ၁၀၀၀ ကျော်လည်း ပါဝင်သတ်ဖြတ်ခံခဲ့ရသည်။
