၂၈.၁၁.၂၀၂၅
Translated by Htwe Ko Tun
တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ အထူးကိုယ်ပိုင်အုပ်ချုပ်ရေးဒေသဖြစ်တဲ့ ဟောင်ကောင်ကျွန်းရဲ့ မီးသတ်တပ်ဖွဲ့ အာဏာပိုင်တွေက နိုဝင်ဘာ ၂၆ ရက်မှာဖြစ်ပွားခဲ့တဲ့ နှစ် ၈၀ နီးပါးကာလအတွင်း မြို့တော်ရဲ့ အဆိုးရွားဆုံး မီးလောင်မှုဟာ ကြီးမားသောလူနေအိမ်ရာ တစ်ခုရဲ့ အဆောက်အအုံတွေကို ဖျက်ဆီးခဲ့ပြီး နိုဝင်ဘာလ ၂၈ ရက် နံနက်အထိ အနည်းဆုံး လူ ၉၄ ဦး သေဆုံးကာ အနည်းဆုံး ၇၆ ဦး ဒဏ်ရာရရှိခဲ့တာမှာ ၁၁ ဦးက မီးသတ်တပ်ဖွဲ့ဝင်တွေလို့ သိရပါတယ်။
မီးလောင်မှုအတွင်း လူအများအပြား ပျောက်ဆုံးနေဆဲ ဖြစ်တယ်လို့လည်း ပြောခဲ့ကြပါတယ်။ မီးသတ်အာဏာပိုင်တွေက တငွေ့ငွေ့လောင်ကျွမ်းနေသေးတဲ့ အဆောက်အအုံတွေအတွင်း ရှာဖွေရေးနဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေကို လျင်မြန်စွာ အပြီးသတ်နိုင်ဖို့ မျှော်လင့်ထားတယ်လို့လည်း နိုဝင်ဘာလ ၂၈ ရက် နံနက်မှာ ပြောခဲ့ပါတယ်။

ဟောင်ကောင်ကျွန်းမြောက်ပိုင်း၊ တိုင်ပိုခရိုင်ရှိ လူ ၄,၆၀၀ ကျော်နေထိုင်တဲ့ ဝမ်ဖုခ်ကုဒ် အိမ်ရာရဲ့ လူနေအဆောက်အအုံ တာဝါရှစ်ခုစလုံးဟာ ပြုပြင်ထိန်းသိမ်းမှုတွေ လုပ်နေခိုက်မှာ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရတာပါ။ ရဲတပ်ဖွဲ့ကတော့ တစ်နှစ်ကျော်ကြာ အဆောက်အအုံတွေကို ပြုပြင်ထိန်းသိမ်းမှုပြုလုပ်နေတဲ့ Prestige Construction ဆောက်လုပ်ရေးလုပ်ငန်းရဲ့ ဒါရိုက်တာနှစ်ဦးနဲ့ အမှုဆောင်အရာရှိချုပ် တစ်ဦးတို့ကို ပြုပြင်ထိန်းသိမ်းမှုမှာ အဆင့်မမီ၊ မီးလောင်လွယ်တဲ့ ပစ္စည်းကိရိယာတွေကို အသုံးပြုခဲ့လို့ လူအစုလိုက် အပြုံလိုက်သေစေမှုနဲ့ စွပ်စွဲဖမ်းဆီးထားပါတယ်။
မီးလောင်မှုမှာပျောက်ဆုံးနေသူ ၂၇၉ ဦးရှိမယ်လို့ စာရင်းပြုစုထားပေမယ့် ထိုအရေအတွက်ကို ၂၄ နာရီကျော်ကြာလာတဲ့အထိ ထပ်မံအတည်ပြုမှု မလုပ်ရသေးဘူးလို့ မီးသတ်ဌာန ဒုတိယညွှန်ကြားရေးမှူး ဒီရက်ချန်းက သတင်းထောက်တွေကို နိုဝင်ဘာလ ၂၈ ရက် နံနက်မှာ ပြောခဲ့ပါတယ်။
မီးသတ်တပ်ဖွဲ့ဝင်တွေက အိမ်ရာဝင်းအတွင်း အဆောက်အအုံတိုင်းမှာ အသက်ရှင်သူတွေကို ရှာဖွေခဲ့ကြရာမှာ သေဆုံးသူ အများစုကိုတော့ အဆောက်အအုံနှစ်ခုမှာ တွေ့ရှိခဲ့တယ်လို့ ချန်းက ပြောခဲ့ပါတယ်။ ဒါပေမယ့် အသေးစိတ်အချက်အလက်တွေကို မပြောခဲ့ပါဘူး။
ဟောင်ကောင်မှာ ၁၉၄၈ ခုနှစ်က ဂိုဒေါင်မီးလောင်မှုမှာ လူ ၁၇၆ ဦး သေဆုံးခဲ့ပြီးနောက်ပိုင်း အခု မီးလောင်မှုက အသေအပျောက်အများဆုံးမီးလောင်မှု ဖြစ်ခဲ့ရပါတယ်။
Ref- CNA
