◾️ဘယ်လာရုစ်နိုင်ငံသမ္မတအား ကောဇောနီခင်းကာ ဂုဏ်ပြုတပ်ဖွဲ့ဖြင့်ပါ ကြိုဆို
၂၇. ၁၁. ၂၀၂၅
Written by Nyein Kyaw
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ဖိတ်ကြားချက်အရ ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာ အလက်ဇန္ဒား လူကာရှန်ကိုသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီးအဖြစ် ယနေ့ ညပိုင်းတွင် နေပြည်တော်သို့ ရောက်ရှိခဲ့ရာ ကော်ဇော်နီခင်း၍ ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုခဲ့သည်။
ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာ အလက်ဇန္ဒားလူကာရှန်ကို၏ မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ်နှင့် ပတ်သက်ပြီး နေပြည်တော်တွင် မြန်မာ–ဘယ်လာရုစ်အလံများ လွှင့်ထူထားသလို ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတ အလက်ဇန္ဒား လူကာရှန်ကိုအား မြန်မာနိုင်ငံမှ လှိုက်လှဲစွာကြိုဆိုပါ၏ စာတန်းကို မြန်မာ၊ ရုရှား၊ အင်္ဂလိပ် သုံးဘာသာဖြင့် ရေးသား၍ ဘယ်လာရုစ်သမ္မတပုံနှင့် စိုက်ထူကြိုဆိုခဲ့သလို မြန်မာ့ယာဥ်ကျေးမှုအစဥ်အလာများဖြင့်လည်း တခမ်းတနား ကြိုဆိုခဲ့သည်။






ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတ၏ ဖိတ်ကြားချက်အရ နိုင်ငံတော်အဆင့်ခရီးစဉ်အဖြစ် ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဘယ်လာရုစ်နိုင်ငံ၊ မင့်စ်မြိုသို့ ယခုနှစ် မတ်လ ၇ ရက်နေ့တွင် သွားရောက်ခဲ့ပြီး အဆိုပါ ခရီးစဥ်အတွင်း ဘယ်လာရုစ်သမ္မတနိုင်ငံက ယာယီသမ္မတအား နိုင်ငံတော်အဆင့် ကော်ဇောနီခင်း၍ ဂုဏ်ပြုကြိုဆိုခဲ့သည့်အပြင် ဘယ်လာရုစ်သမ္မတနန်းတော် နိုင်ငံ့ခေါင်းဆောင်နှစ်ဦး သီးသန့်တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
ထို့နောက် ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာလူကာရှန်ကို ကို အဂ္ဂမဟာသရေစည်သူဘွဲ့ချီးမြှင့်အပ်နှင်းပွဲ ဆက်လက်ပြုလုပ်ခဲ့ပြီး ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတအား မြန်မာနိုင်ငံသို့ လာရောက်ရန် ဖိတ်ကြားမှုများအရ ယနေ့တွင် တရားဝင်ခရီးအဖြစ် မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။
ဘယ်လာရုစ်-မြန်မာ စီးပွားရေးဖိုရမ်ကို မြန်မာနိုင်ငံ၊ ရန်ကုန်မြိုတွင် နိုဝင်ဘာလ ၂၇ ရက်က ကျင်းပခဲ့ရာ၌ နှစ်နိုင်ငံအကြား ကုန်သွယ်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု တိုးချဲ့ရန် အခွင့်အလမ်းများကို ဆွေး နွေးခဲ့ကြကာ နှစ်ဖက်သဘောတူညီမှုများလည်းရရှိခဲ့ကြောင်း ဘယ်လာရုစ်သတင်းစာများတွင် ဖော်ပြခဲ့ကြသည်။







ဘယ်လာရုစ်သမ္မတခရီးစဥ်သည် နိုဝင်ဘာ ၂၇ ရက်မှ နိုဝင်ဘာ ၂၈ ရက်အထိ နှစ်ရက်တာခရီးစဥ်ဖြစ်ကြောင်း Belta သတင်းဌာနက ဖော်ပြခဲ့သလို ယခုဆွေးနွေးပွဲတွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု၏ အလားအလာရှိသော ဦးတည်ချက်များနှင့် ပူးတွဲစီမံကိန်းများ အကောင်အထည်ဖော်မှုများကို ဆွေးနွေးကြမည်ဖြစ်သည်။ ဆွေးနွေးမည့် အကြောင်းအရာများတွင် စိုက်ပျိုးရေးပူးပေါင်းဆောင်ရွက်မှု၊ စားနပ်ရိက္ခာဖူလုံရေး၊ စက်မှုလုပ်ငန်းနှင့် ဆေးဝါးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးတို့လည်း ပါဝင်သည်။
ဆွေးနွေးပွဲအစီအစဉ်တွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ကဏ္ဍမှ အဓိကကိစ္စရပ်များလည်း ခိုင်မာစွာပါဝင်သည့်အပြင် ပြီးခဲ့သည့် မတ်လနှင့် ဇွန်လတို့တွင် မင့်စ်မြို့၌ အမြင့်ဆုံးအဆင့် ဆွေးနွေးပွဲများအတွင်း ရရှိခဲ့သော သဘောတူညီချက်များ အကောင်အထည်ဖော်မှု တိုးတက်မှုကိုလည်း အကဲဖြတ်မည်ဖြစ်သည်။
