၂၇. ၁၁. ၂၀၂၅
Written by Nyein Kyaw
ရွှေဘိုပေါ်ဆန်းဆန်ဟောင်းများ တစ်အိတ်ကို ကျပ် ၂၃၀,၀၀၀ ကျော်အထိ ဈေးနှုန်းမြင့်တက်နေချိန် ရွှေဘိုပေါ်ဆန်းဆန်ဟောင်းများကို တစ်အိတ် ကျပ် ၁၈၀,၀၀၀ ဖြင့် အိမ်အရောက် အပို့ ရောင်းချပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) က နိုဝင်ဘာ ၂၆ ရက် ရက်စွဲဖြင့် အသိပေးထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နှင့် မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်းတို ပူးပေါင်း၍ ဆန်ဈေးနှုန်းများ တည်ငြိမ်မှန်ကန်စေရေးအတွက် စားသုံးသူများထံသို့ အိမ်အရောက်ပို့စနစ် (Home Delivery) ဖြင့် စတင် ပို့ဆောင်ရောင်းချမည်ဖြစ်သည်။

မှာယူ ဝယ်ယူနိုင်သည့် ဆန်အမျိုးအစားများနှင့် ၁၀၈ ပေါင်/၂၄ ပြည်တစ်အိတ် ဈေးနှုန်းများသည် ရွှေဘိုပေါ်ဆန်း (ဆန်ဟောင်း) ၁၈၀,၀၀၀ ကျပ်၊ ဧရာဝတီပေါ်ဆန်း (ကြားပျံ) ဆန်ဟောင်း ၁၅၀,၀၀၀ ကျပ်၊ ဆန်သစ် ၁၃၀,၀၀၀ ကျပ်၊ ဧရာဝတီပေါ်ဆန်း (နယ်စုံ) ဆန်ဟောင်း ၁၂၅,၀၀၀ ကျပ်၊ ဆန်သစ် ၁၁၅,၀၀၀ ကျပ်၊ ရက်(၉၀) ၇၅,၀၀၀ ကျပ်နှင့် ဧည့်မထ (၁၅ မှတ်) ၅၀,၀၀၀ ကျပ်တို့ဖြင့် ရောင်းချပေးသွားမည်ဖြစ်သည်။
ဝယ်ယူလိုသူများအနေဖြင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ ဖုန်းနံပါတ်များဖြစ်သည့် ၀၉-၄၀၀၀၆၇၂၄၀၊ ၀၉-၄၀ဝ၀၆၇၂၅၀၊ ၀၉-၄၀၀၀၆၇၂၆၀ သို ရုံးချိန်အတွင်း ဆက်သွယ်၍ မှာယူလိုသည့် ဆန်အမျိုးအစား၊ နေရပ်လိပ်စာ၊ ဆက်သွယ်ရမည့် ဖုန်းနံပါတ်တို့ကို တိကျစွာဖြင့် SMS or Viber Message ပေးပို့မှာယူရမည်ဖြစ်သည်။
အဆိုပါ ဖုန်းနံပါတ်များမှ အသင်းချုပ်သို့ ငွေကြိုတင်ပေးသွင်းရမည့် KBZ pay နံပါတ်ကို စားသုံးသူ၊ ဝယ်ယူသူထံသို့ ချက်ချင်းပြန်ကြားပေးမည်ဖြစ်ပြီး ဖုန်းများမှ ပြန်ကြားပြောဆိုသည့် KBZ pay Account နံပါတ်များသို့သာ ငွေပေးသွင်းရမည်ဖြစ်သည်။ ငွေပေးသွင်းပြီးစီးမှုကို Viber ဖြင့် အတည်ပြု ပေးပို့ရမည်ဖြစ်သည်။

ငွေပေးသွင်းသည့်နေ့မှစ၍ ရုံးဖွင့်ရက် (၃) ရက်အတွင်း လိပ်စာဖော်ပြပါအတိုင်း ဆန်များကို Delivery အခမဲ့ဖြင့် အရောက်ပိုဆောင်ပေးသွားမည်ဖြစ်ပြီး ပိုဆောင်မည့် နေ့ရက်နှင့်အချိန်အား ကြိုတင်ဆက်သွယ် ပြန်ကြားပေးမည်ဖြစ်ကြောင်းနှင့် အထပ်မြင့်သို့ ပိုရလျှင် ထိုက်သင့်သည့် ဝန်ဆောင်ခ ထပ်မံပေးရမည်ဟု အသိပေးထားသည်။
လက်ရှိအချိန်တွင် ဝယ်ရင်းဈေးနှုန်းပင် တစ်အိတ်ကျပ် ၂၃၀,၀၀၀ အထိ မြင့်တက်နေသော ရွှေဘိုပေါ်ဆန်းဆန်ဟောင်း (ထူးထူးရှယ်)များကို လက်လီဆန်ဆိုင်တချို့ ဝယ်ယူမရောင်းချဘဲ ရပ်နားထားပြီး ရွှေဘိုပေါ်ဆန်းဆန်အသစ်ကိုပင် တစ်ပြည်ကို ကျပ် ၇၅,၀၀၀ (တစ်အိတ် ကျပ် ၁၈၀,၀၀၀ ဝန်းကျင်) ဖြင့် ရောင်းချနေခြင်းဖြစ်သည်။
ပုံစာ-ယခင်က အိမ်အရောက်ပို့စနစ်ဖြင့် ဆန်များရောင်းချပေးခဲ့မှုကို တွေ့ရစဉ် (Photo-MRF)
