နေမိုး
၂၇. ၁၁. ၂၀၂၅
ဇနီးနှင့်အတူ နေအိမ်တွင်ရှိနေသည့် အမျိုးသားတစ်ဦးကို ရွာငံ PDF များက ဒလန်ဟု တံဆိပ်ကပ်ကာ သံတုတ်၊ ဓားများဖြင့် ရိုက်နှက်ထိုးခုတ် သတ်ဖြတ်သွားခဲ့သဖြင့် ပွဲချင်းပြီးသေဆုံးခဲ့ရမှု ရှမ်းပြည်နယ်၊ ရွာငံမြို့နယ်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဥ်မှာ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၅ ရက် နံနက် ၇ နာရီ ၃၅ မိနစ်တွင် ရှမ်းပြည်နယ်၊ ရွာငံမြို့နယ်၊ မြိုင်ကျေးရွာ၌ သံတုတ်၊ ဓားများဖြင့် ရိုက်နှက်ထိုးခုတ်ခံရ၍ အမျိုးသား တစ်ဦး သေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ နိုဝင်ဘာ ၂၄ ရက် ည ၁၀ နာရီ ၁၅ မိနစ်တွင် အဆိုပါကျေးရွာနေ ဦးတင်အောင်စိုး(ခ)ဘဂျမ်း(၄၆)နှစ်သည် ၎င်း၏ဇနီးဖြစ်သူ ဒေါ်ပိုးတီ(၂၆)နှစ်နှင့်အတူ နေအိမ်၌ရှိနေစဉ် PDF အမည်ခံ အကြမ်းဖက်သမား ၁၀ ဦးခန့် ရောက်ရှိလာပြီး နေအိမ်အနောက်ဘက်ရှိ ဝက်သတ်ရုံအတွင်းသို့ ဖမ်းဆီးခေါ်ဆောင်ကာ “သတင်းပေး၊ ဒလန်” ဟု ပြောဆို၍ သံတုတ်၊ ဓားများဖြင့် ရိုက်နှက်ထိုးခုတ် သတ်ဖြတ်သွားခဲ့သဖြင့် ဦးတင်အောင်စိုး(ခ)ဘဂျမ်းတွင် ဦးခေါင်းကြေမွ ဒဏ်ရာ၊ လည်ပင်းဝဲဘက် ထိုးသွင်း ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
နွေဦးတော်လှန်ရေးစတင်ချိန်မှ ယခုနှစ် ဩဂုတ်လ ၁၄ ရက်နေ့အထိ အကြမ်းဖက်အဖွဲ့များ၏ သတ်ဖြတ်မှုကြောင့် သံဃာတော် အပါး ၁၀၀ ကျော်၊ ကျောင်းသားကျောင်းသူများအပါအဝင် ကလေးသူငယ် ၃၅၇ ဦး၊ အုပ်ချုပ်ရေးဝန်ထမ်း ၁,၂၅၃ ဦး၊ ဆရာ/ဆရာမ ၁၂၀ ဦးနှင့် ကျန်းမာရေးဝန်ထမ်း ၂၄ ဦး အပါအဝင် အပြစ်မဲ့ပြည်သူ ၉,၆၁၆ ဦးမှာ “ဒလန်၊ သူလျှို၊ သတင်းပေး၊ ပျူစောထီး၊ နစကယန္တရားလည်ပတ်အောင် ပြုလုပ်ပေးသူ” ဆိုသည့် စွပ်စွဲချက်များနှင့် NLD, CRPH, NUG, PDF, EAOs တို့၏ သတ်ဖြတ်မှုကို ခံထားရသလို ထိုအထဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် ၁၀၀၀ ကျော်လည်း ပါဝင် သတ်ဖြတ်ခံခဲ့ရသည်။
