၂၇.၁၁.၂၀၂၅
Translated by Htwe Ko Tun
သီရလင်္ကာနိုင်ငံတွင် နိုဝင်ဘာလအတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုနှင့် မြေပြိုမှုများ ဖြစ်ပွားခဲ့ရာ ပြီးခဲ့သည့် ရက်သတ္တတစ်ပတ်အတွင်းမှာပင် နိုင်ငံတစ်ဝန်းတွင် အနည်းဆုံး လူ ၃၁ ဦး သေဆုံးခဲ့ပြီး ၁၄ ဦး ပျောက်ဆုံးနေကြောင်း အာဏာပိုင်များက က နိုဝင်ဘာ ၂၇ ရက်တွင် ပြောကြားခဲ့သည်။
သေဆုံးမှုအများစုမှာ လက်ဖက်စိုက်ပျိုးရာ နိုင်ငံအလယ်ပိုင်း ဘာဒူလာ ခရိုင်တွင် ဖြစ်ပွားခဲ့ပြီး တောင် စောင်းများရှိ အိမ်များပေါ်သို့ ညတွင်းချင်း မြေပြိုကျရာတွင် လူ ၁၆ ဦး အရှင်လတ်လတ် မြှုပ်နှံခံခဲ့ရ ကြောင်း သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးဌာန (DMC) က ကြေညာချက်တစ်စောင်တွင် ဖော်ပြခဲ့သည်။
နောက်ထပ် လေးဦးမှာ အနီးရှိ နျူဝါရာ အီလီယာ ခရိုင်တွင် အလားတူမြေပြိုမှုများ၌ သေဆုံးခဲ့ခြင်းဖြစ် ကြောင်း သိရသည်။ ကျန်ရှိသော သေဆုံးမှုများက အခြားနေရာများမှ သတင်းပို့လာကြခြင်းဖြစ်သည်။
နိုင်ငံတစ်ဝန်း မြေပြိုမှုများကြောင့် အိမ်ခြေ ၄၀၀ နီးပါး ပျက်စီးခဲ့ပြီး မိသားစု ၁,၁၀၀ ကျော်ကို ယာယီ ခိုလှုံရာနေရာများသို့ ရွှေ့ပြောင်းပေးခဲ့ရသည်။




DMC က သီရိလင်္ကာနိုင်ငံတစ်ဝန်းတွင် မြစ်ရေများ မြင့်တက်လာနေပြီး မြေနိမ့်ပိုင်းဒေသများတွင် နေထိုင် သူများကို မြင့်မားသောနေရာများသို့ ပြောင်းရွှေ့ရန် သတိပေးထားကြောင်း ပြောကြားခဲ့သည်။
သီရိလင်္ကာနိုင်ငံက လက်ရှိတွင် အရှေ့မြောက်မုတ်သုန်ရာသီကို ပုံမှန်ကြုံတွေ့နေရခြင်းဖြစ်သော်လည်း ကျွန်း၏အရှေ့ဘက်တွင် ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်းကြောင့် မိုးရွာသွန်းမှုများ ပိုမိုပြင်းထန်လာနေကြောင်းလည်း DMC က ထပ်လောင်းပြောကြားခဲ့သည်။
အစိုးရက တစ်နိုင်ငံလုံးရှိ တက္ကသိုလ်နောက်ဆုံးနှစ်ကျောင်းစာမေးပွဲများကို ရာသီဥတုဆိုးဝါးမှုကြောင့် နှစ်ရက်ကြာ ရပ်ဆိုင်းထားကြောင်းလည်း သိရသည်။
သီရိလင်္ကာနိုင်ငံတစ်ဝန်းတွင် မိုးရေချိန် ၁၀၀ မီလီမီတာ(၄ လက်မ)ကျော် ရွာသွန်းမည်ဟု ခန့်မှန်းထားပြီး အရှေ့မြောက်ပိုင်းရှိ အချို့ဒေသများတွင် နိုဝင်ဘာလ ၂၇ ရက်၌ မိုးရေချိန် ၂၅၀ မီလီမီတာ(၁၀ လက်မ) ကျော် ရွာသွန်းမည်ဟု ခန့်မှန်းထားသည်။
ယခုအပတ်အတွင်း ရာသီဥတုနှင့်ဆက်စပ်၍ သေဆုံးသူအရေအတွက်မှာ ၂၀၂၄ ခုနှစ် ဇွန်လက မိုးသည်း ထန်စွာရွာသွန်းမှုကြောင့် လူ ၂၆ ဦး သေဆုံးခဲ့ပြီးနောက်ပိုင်း အမြင့်ဆုံးစံချိန်အဖြစ် ရောက်ရှိခဲ့သည်။ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလကလည်း ရေကြီးမှုနှင့် မြေပြိုမှုများကြောင့် လူ ၁၇ ဦး သေဆုံးခဲ့ရဖူးသည်။
သီရိလင်္ကာနိုင်ငံသည် ဆည်မြောင်းနှင့် ရေအားလျှပ်စစ်ဓာတ်အားအတွက် ရာသီအလိုက် မုတ်သုန်မိုး ရွာသွန်းမှုကို မှီခိုနေရသော်လည်း ရာသီဥတုပြောင်းလဲမှုကြောင့် နိုင်ငံအတွင်း ရေကြီးရေလျှံမှုများ ပိုမို ဖြစ်ပွားလာနိုင်ကြောင်း ကျွမ်းကျင်သူများက သတိပေးထားသည်။
Ref- AFP
