၂၇ .၁၁. ၂၀၂၅
Written by Hey Mar
ပဲခူးက လူသတ်ပစ္စည်းလုယက်သူ သုံးဦးကို ဒီနေ့ နိုဝင်ဘာ ၂၇ ရက်နေ့ မှာ ပဲခူးခရိုင်တရားရုံးက သေဒဏ် အသီးသီးချမှတ်လိုက်တယ်လို့ သိရပါတယ်။
ဖြစ်စဉ်က မနှစ်က ၂၀၂၄ ခုနှစ် ဧပြီလ ၂၆ ရက်နေ့မှာ ဖြစ်ပွားခဲ့တဲ့ အမှုဖြစ်ပြီး တစ်နှစ်ကျော်ကြာ စစ်ဆေးမှုတွေအပြီးမှာ သေဒဏ် ချမှတ်ခဲ့တာဖြစ်ပါတယ်။ ပဲခူးမြို့၊ မြသီတာကျေးရွာ၊ ဗားမဲ့ဘုန်းကြီးကျောင်း အနောက်ဘက် ဘောလုံးကွင်း အနီးမှာ ၂၀၂၄ ခုနှစ် ဧပြီ ၂၆ ရက်နေ့ ညနေ ၄ နာရီအချိန်က အမျိုးသားရုပ်အလောင်းတွေ့ရှိကြောင်း သတင်းအရ အမှတ် (၂) နယ်မြေရဲစခန်းမှ သွားရောက်စစ်ဆေးခဲ့ရာ သေဆုံးသူမှာ ပဲခူးမြို့၊ ဥဿာမြို့သစ်(၈)ရပ်ကွက်၊ ဘုရင့်နောင်လမ်းသွယ်မှာ နေထိုင်သူ ဦးတင်နိုင်စိုး(၄၃)နှစ် ဖြစ်ပြီး ယာလည်ပင်းပြတ်ရှဒဏ်ရာ(၁)ချက်၊ ဝဲလည်ပင်း ထိုးသွင်းဒဏ်ရာ(၁)ချက်၊ ဝဲဘက်ဝမ်းဗိုက် ထိုးသွင်း ဒဏ်ရာ(၁)ချက်၊ ယာနံကြား ထိုးသွင်း ဒဏ်ရာ(၂)ချက်၊ ရင်ညွန့် ထိုးသွင်း ဒဏ်ရာ(၁)ချက်၊ ယာလက်ကောက်ဝတ် ပြတ်ရှ ဒဏ်ရာ(၁)ချက်၊ ဝဲခါး ပြတ်ရှ ဒဏ်ရာ(၁) ချက် တို့နဲ့ မှောက်လျက် သေဆုံးနေကြောင်း တွေ့ရှိရတာကြောင့် ရာဇသတ်ကြီးပုဒ်မ ၃၀၂ နဲ့ ကနဦး အမှုဖွင့်ထားခဲ့တယ်လို့ သိရပါတယ်။
အမှုမှာ ကျူးလွန်သူတွေကို ဖမ်းဆီးရမိရေး ဆက်လက်စုံစမ်းရာ သေဆုံးသူရဲ့ လက်ကိုင်ဖုန်းကနေ တစ်ဆင့် မျိုးမင်းပိုင်ဆိုသူကို ဖော်ထုတ်ဖမ်းဆီးရမိခဲ့ပြီး မျိုးမင်းပိုင်ရဲ့ ဖော်ထုတ်ချက်အရ ၎င်းနှင့်အတူ ပူးပေါင်းကျူးလွန်သူ အောင်အောင် (ခ) အောင်မျိုးမင်းနဲ့ ဝင်းကျော် တို့ နှစ်ဦးကို ထပ်မံဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
ဖြစ်စဉ်ကို ရဲတပ်ဖွဲ့က စုံစမ်းဖော်ထုတ်ရာ မျိုးမင်းပိုင်ဆိုသူက သေဆုံးသူ ဦးတင်နိုင်စိုးနဲ့ ရင်းနှီးသူဖြစ်ကြောင်း၊ အခင်းဖြစ်နေ့က ငွေကြေးအခက်အခဲရှိတာကြောင့် သူငယ်ချင်းဖြစ်သူ အောင်အောင်(ခ) အောင်မျိုးမင်း၊ ဝင်းကျော် တို့နဲ့ တိုင်ပင်ပြီး ဦးတင်နိုင်စိုးကို ဆိုင်ကယ်အရောင်းအဝယ်ရှိကြောင်း ဖုန်းဆက်ခေါ်ကာ အနောက်မြို့ရှောင်လမ်းအနီး၊ ဗားမဲ့ဘုန်းကြီးကျောင်း နောက်ကျောရှိ ကွင်းပြင်ဆီ ဆိုင်ကယ်ကြည့်ဖို့ ခေါ်သွားခဲ့ပြီး စကေဘာ/ဓားမြှောင်တို့နဲ့ ဝိုင်းထိုးခဲ့ကြောင်း၊ ဦးတင်နိုင်စိုးမှ ၎င်းပါလာတဲ့ ဆိုင်ကယ်ကို ထားခဲ့ပြီး ထိုးသွင်းဒဏ်ရာတွေနဲ့ ထွက်ပြေးစဉ် နောက်က လိုက်ကာ ထပ်မံထိုးသတ်ခဲ့ကြောင်းနဲ့ ဦးတင်နိုင်စိုးရဲ့ဆိုင်ကယ်၊ လက်ကိုင်ဖုန်းနဲ့ လက်စွပ် (၁)ကွင်းတို့ ယူဆောင်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီနောက် အမှုမှ ကျူးလွန်သူတွေကို ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၉၂ နဲ့ ပဲခူးခရိုင်တရားရုံးကို တရားစွဲတင်ပို့ခဲ့ရာ ဒီနေ့ နိုဝင်ဘာ ၂၇ ရက်နေ့မှာ ပဲခူးခရိုင်တရားရုံးက မျိုးမင်းပိုင်(ခ)ကာတွန်း- ဗိုလ်အောင်ကျော်လမ်း၊ ဥဿာမြို့သစ်(၆)ရပ်ကွက် ၊ ပဲခူးမြို့၊ အောင်အောင်(ခ) အောင်မျိုးမင်း – ဥဿာ(၁)ရပ်ကွက်၊ ပဲခူးမြို့၊ ဝင်းကျော် – မဟာစေတီကန်လမ်း၊ မဇင်းရပ်ကွက်၊ ပဲခူးမြို့ တို့ (၃)ဦးကို မသေမချင်း လည်ပင်းကြိုးကွင်းစွပ်ကွပ်မျက်ဖို့ သေဒဏ် အသီးသီးချမှတ်ခဲ့တယ်လို့ သိရပါတယ်။
