◾ ဒေါ်လာ ၉ သန်းတန် သဘောတူစာချုပ်များကို ဖိုရမ်တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း ဘယ်လာရုစ်နိုင်ငံခြားရေးဝန်ကြီး ပြောကြား
◾ ဘယ်လာရုစ်ထွန်စက်တပ်ဆင်စက်ရုံတစ်ခု မြန်မာနိုင်ငံတွင် တည်ထောင်ရန်သဘောတူညီ
◾ဘယ်လာရုစ်၏ဆေးဝါးများကိုလည်း မြန်မာနိုင်ငံသို့ ထောက်ပံ့မည်
၂၇.၁၁.၂၀၂၅
Translated by Htwe Ko Tun
ဘယ်လာရုစ်-မြန်မာ စီးပွားရေးဖိုရမ်ကို မြန်မာနိုင်ငံ၊ ရန်ကုန်မြို့တွင် နိုဝင်ဘာလ ၂၇ ရက်က ကျင်းပခဲ့ရာ၌ နှစ်နိုင်ငံအကြား ကုန်သွယ်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု တိုးချဲ့ရန် အခွင့်အလမ်းများကို ဆွေး နွေးခဲ့ကြကာ နှစ်ဖက်သဘောတူညီမှုများလည်းရရှိခဲ့ကြောင်း ဘယ်လာရုစ်သတင်းစာများတွင် ဖော်ပြခဲ့ကြသည်။
စီးပွားရေးဖိုရမ်သို့ တက်ရောက်သော ဘယ်လာရုစ်ကိုယ်စားလှယ်အဖွဲ့တွင် အစိုးရအဖွဲ့အစည်းများနှင့် စီးပွားရေးလုပ်ငန်းများမှ ကိုယ်စားလှယ်များ အပါအဝင် လူ ၄၀ ကျော် ပါဝင်ခဲ့ကြောင်း သိရသည်။ ဖိုရမ်တွင် ဘယ်လာရုစ်ထွန်စက်တပ်ဆင်စက်ရုံတစ်ခု မြန်မာနိုင်ငံတွင် တည်ထောင်ရန် သဘောတူညီခဲ့ကြပြီး ဘယ်လာရုစ်ရူဘယ် ၅၈၀,၀၀၀ ကျော်တန်ဖိုးရှိ ဘယ်လာရုစ် ထွန်စက်မော်ဒယ်အမျိုးမျိုး (၄၅၁၊ ၅၂၂ နှင့် ၈၂၀) ၏ ထွန်စက်ကိရိယာအစုံ ၄၀၀ ထောက်ပံ့ပေးရန် စာချုပ်တစ်ရပ်ကိုလည်း လက်မှတ်ရေးထိုးခဲ့ကြသည်။

ထို့အပြင် ဘယ်လာရုစ်ဆေးဝါးကုမ္ပဏီနှစ်ခု ဖြစ်သော Belmedpreparaty နှင့် Minskinterkaps တို့က ၎င်းတို့ ကုမ္ပဏီထုတ်ဆေးဝါးများကို မြန်မာနိုင်ငံသို့ ထောက်ပံ့ပေးသွားရန်လည်း သဘောတူခဲ့ကြသည်။။
ယင်းအပြင် ဘယ်လာရုစ်စက်မှုဝန်ကြီး Andrei Kuznetsov နှင့် မြန်မာနိုင်ငံစက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးချာလီသန်းတို့၏ အလုပ်သဘောအစည်းအဝေးတစ်ခုလည်း ကျင်းပခဲ့ကြောင်းသိရသည်။
ဘယ်လာရုစ်နိုင်ငံ အသေးစားစက်မှုလုပ်ငန်း ကုန်ပစ္စည်းများ ထုတ်လုပ်ရောင်းချရေးဆိုင်ရာ ဥက္ကဋ္ဌ Bellegprom Nadezhda Lazarevich က သတင်းထောက်များအား “ကျွန်မတို့ရဲ့ ထုတ်ကုန်တွေ ထောက်ပံ့ပေးတဲ့နေရာမှာ အရာအားလုံးကောင်းပါတယ်။ ဒါပေမယ့် ကျွန်မတို့က ကုန်ပစ္စည်းတွေ ပို့ဆောင်ပေးရုံတင် မဟုတ်ပါဘူး- နည်းပညာတွေ ပို့ဆောင်ပေးနေပါတယ်” ဟု ပြောကြားခဲ့သလို “ကျွန်မတို့ဟာ မြန်မာ စက်မှုဝန်ကြီးနဲ့ အကျိုးရှိရှိ တွေ့ဆုံဆွေးနွေးခဲ့ပြီး အသေးစားစက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးမှာ ကျွန်မတို့ရဲ့ နောက်ထပ်အလားအလာတွေကို ဆွေးနွေးခဲ့ကြပါတယ်။ Kamvol လုပ်ငန်းရဲ့ စွမ်းရည်တွေကို တင်ပြခဲ့ပြီး အဆင့်မြင့်နည်းပညာ အထည်အလိပ်တွေ ထောက်ပံ့ပေးခြင်းလည်း ပါဝင်ပါတယ်။ ဒီမှာရှိတဲ့ အသေးစား စက်မှုလုပ်ငန်းဟာ အလွန်ကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်နေပြီး နိုင်ငံရဲ့ ပို့ကုန်ဝေစုရဲ့ ၃၀ ရာခိုင်နှုန်းကျော် ရှိပါတယ်” ဟုလည်း ပြောခဲ့သည်။

ထို့အပြင် ဘယ်လာရုစ်နိုင်ငံဘက်မှ မြန်မာနိုင်ငံက အထူးကုဆရာဝန်များအတွက် လေ့ကျင့်ပေးရန် အခွင့်အလမ်းများနှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များကို ပံ့ပိုးပြောကြားခဲ့သည်။ မြန်မာနိုင်ငံကလည်း ဘယ်လာရုစ်ဆေးဝါးထုတ်ကုန်များကို ဝယ်ယူရန် စိတ်ဝင်စားနေကာ ဘယ်လာရုစ်၌ မြန်မာဆေးဘက်ဆိုင်ရာဝန်ထမ်းများကို လေ့ကျင့်ပေးမည်ဟုလည်း သိရသည်။
ဘယ်လာရုစ်နှင့် မြန်မာ နှစ်နိုင်ငံတို့သည် ၂၀၂၆- ၂၀၂၈ ခုနှစ်အတွက် ပူးပေါင်းဆောင်ရွက်မှု လမ်းပြမြေပုံ တစ်ခုကို လက်မှတ်ရေးထိုးခဲ့ကြောင်း ဘယ်လာရုစ်နိုင်ငံခြားရေးဝန်ကြီး Maxim Ryzhenkov က ဘယ်လာရုစ်-မြန်မာ စီးပွားရေးဖိုရမ်၏ ဘေးထွက်အစည်းအဝေးတွင် သတင်းထောက်များအားပြောခဲ့ သည်။ ထို့အတူ ဝန်ကြီးက ဒေါ်လာ ၉ သန်းတန် သဘောတူစာချုပ်များကို ဖိုရမ်တွင် လက်မှတ်ရေးထိုးခဲ့ကြောင်းလည်း ပြောကြားခဲ့သည်။

Ref-Belta
