၂၇.၁၁.၂၀၂၅
Written by Linn Eain
၂၀၂၅ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲသည် ကောင်းခြင်းတရားများသယ်ဆောင်လာမည်ဖြစ်၍ ရွေးကောက်ပွဲဖြစ်မြောက်အောင် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးရန် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးခင်ရီက ပြောကြားခဲ့သည်။
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ကိုးသိန်းအားကစားကွင်း၌ နိုဝင်ဘာ ၂၇ ရက် နံနက်ပိုင်းက ပြုလုပ်ခဲ့သည့် ဧရာဝတီတိုင်းဒေသကြီးအတွင်း ပြည်ခိုင်ဖြိုးပါတီကိုယ်စားပြုယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့် တွေ့ဆုံမိတ်ဆက်ပွဲတွင်ပြည်ခိုင်ဖြိုးပါတီ(ဗဟို) ဥက္ကဋ္ဌ ဦးခင်ရီက အမှာစကားပြောကြားချိန် ထိုသို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
“ပြောချင်တာက ဒီရွေးကောက်ပွဲသည် ကောင်းခြင်းတရားအများအပြားတွေ သယ်ဆောင်လာမှာဖြစ်တဲ့အတွက်ကြောင့် နံပါတ်တစ် ချုံ့ပြီးပြောရရင် ရွေးကောက်ပွဲကို ဖြစ်မြောက်အောင် ကျွန်တော်တို့ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးရမယ်။ ဒါကို ကျွန်တော်က ပဏာမပြောချင်တယ် “ဟု ဦးခင်ရီက ပြောကြားသည်။





၂၀၂၅ ရွေးကောက်ပွဲသည် နိုင်ငံတကာမှ ရွေးကောက်ပွဲစောင့်ကြည့်သူများ၊ ပြည်တွင်းမှ လေ့လာလိုသူများ၊ သတင်းမီဒီယာများအပါအဝင် အများသူငါသက်သေများရှေ့တွင် ပွင့်လင်းစွာပြုလုပ်သွားမည်ဖြစ်၍ တရားဝင်ရွေးကောက်ပွဲဖြစ်ကြောင်း ဦးခင်ရီက ဆက်လက်ပြောကြားသည်။
တရားဝင်ရွေးကောက်ပွဲမှ ထွက်ပေါ်လာသည့် အစိုးရသည်လည်း Legitimacy ရှိပြီး တရားဝင်အစိုးရဖြစ်သည်နှင့် နိုင်ငံကိုပိတ်ဆို့ထားသည်များ ရုပ်သိမ်းသွားမည်ဖြစ်ကြောင်း ဦးခင်ရီက ထပ်မံပြောကြားခဲ့သည်။
” အဲဒီတော့ရွေးကောက်ပွဲက တရားဝင်မှုရှိတဲ့အပြင် အဲဒီရလဒ်ကနေထွက်တဲ့ အစိုးရသည်လည်း Lagitamacy ရှိတယ်ခေါ်တာပေါ့။ တရားဝင်တယ်ဆိုတာ ဖြစ်လာတယ်။ တရားဝင်တဲ့အစိုးရဖြစ်တာနဲ့ တစ်ပြိုင်နက်တည်း အကြောင်းအမျိုးအမျိုးကြောင့် ကျွန်တော်တို့နိုင်ငံကို ပိတ်ဆို့ထားတဲ့ အရာတော်တော်များများသည် ရုတ်သိမ်းသွားပါမယ်။ ရုတ်သိမ်းသွားတာနဲ့အမျှ နိုင်ငံတော်တော်များက ရင်းနှီးမြှုပ်နှံမှုတွေ မလာစေချင်လည်း လာပါလိမ့်မယ် ” ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ဗဟို) ဥက္ကဋ္ဌ ဦးခင်ရီက ပြောကြားခဲ့သည်။
ထို့နောက် ပါတီဥက္ကဋ္ဌ ဦးခင်ရီက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအောင်နိုင်ရေးအလံကို ဧရာဝတီတိုင်းပြည်ခိုင်ဖြိုးပါတီအောင်နိုင်ရေးဥက္ကဋ္ဌ ဦးသိန်းထွန်းထံ ပေးအပ်ခဲ့သည်။
ဧရာဝတီတိုင်းဒေသကြီးတွင် ပြည်ခိုင်ဖြိုးပါတီမှ
ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော်၊ တိုင်းရင်သားရေးရာလွှတ်တော် စုစုပေါင်းလွှတ်တော်ကိုယ်စားလှယ် ၉၂ ဦး ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။
ယနေ့ တွေ့ဆုံပွဲသို့ လွှတ်တော်ကိုယ်စားလှယ်လောင်းများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အသီးသီးမှ ပါတီတာဝန်ရှိသူများ၊ ပါတီဝင်များနှင့် ပါတီဝန်းရံသူများ စုစုပေါင်း အင်အား ၁၄၀၀ ခန့်တက်ရောက်ခဲ့ကြောင်း သိရသည်။
