၂၇.၁၁.၂၀၂၅
Written by Hey Mar
လှိုင်သာယာမြို့နယ်မှာ တွဲကားနဲ့ အိမ်စီး Probox ယာဉ် တိုက်မိပြီး တစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရရှိတဲ့ဖြစ်စဉ် ဒီနေ့ နိုဝင်ဘာ ၂၇ ရက်နေ့ မနက် ၁၁ နာရီကျော်အချိန်က ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ဖြစ်စဉ်က ရန်ကုန်တိုင်း၊ အနောက်ပိုင်းခရိုင်၊ လှိုင်သာယာအနောက်ပိုင်းမြို့နယ်ရှိ အနော်ရထာလမ်းမကြီးပေါ်မှာ ရှေ့က မောင်းနှင်နေတဲ့ တွဲကားကို အိမ်စီး Probox ယာဉ်က ကျော်တက်ရာကနေ အယူအဆလွဲပြီး တွဲကားနောက်ပိုင်းကို အရှိန်နဲ့ဝင်တိုက်မိတာလို့ မြေပြင်အကူအညီသွားရောက်ခဲ့တဲ့ ခွန်အားသစ်လူမှုကူညီရေးအသင်းထံကနေ သိရပါတယ်။


ဖြစ်စဉ်ကြောင့် Probox ယာဉ်မှ ယာဉ်မောင်းနေရာတင်သေဆုံးကာ အမျိုးသမီးတစ်ဦး ပေါက်ပြဲသွေးထွက်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ သိရပါတယ်။
အဆိုပါယာဉ်တိုက်မှုဖြစ်စဉ်အတွင်း ကားထဲမှ ညပ်နေတဲ့ သေဆုံးသူနဲ့ လူနာကို မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့တွေနဲ့ ပရဟိတ အသင်းအဖွဲ့တွေက စေတနာ့ဝန်ထမ်းတွေ ပူးပေါင်းကူညီကာ သယ်ထုတ်ပေးခဲ့ပြီး လှိုင်သာယာဆေးရုံကြီးဆီ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၄ ရက်နေ့ကလည်း ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာအရှေ့ပိုင်းမြို့နယ်၊ အလယ်ရွာမှတ်တိုင်အနီးမှာ သုံးဘီဆိုင်ကယ် ၃ စီးအပါအဝင် ယာဉ်ခြောက်စီး ဆင့်တိုက်မှု ဖြစ်ပွားခဲ့ပြီး ကလေးတစ်ဦးနဲ့ လူကြီးတစ်ဦး သေဆုံးခဲ့ပါသေးတယ်။
