




နေမိုး
၂၆. ၁၁. ၂၀၂၅
ကြို့ပင်ကောက်ဆေးရုံအနီး သဲကုန်းလေးကျီစု စစ်ဆေးရေးဂိတ်အား အုတ်ဖို PDF များ ဝင်ရောက်ပစ်ခတ်မှုအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်ငါးဦး ကျဆုံးပြီး PDF တစ်ဦးသေသွားသည်ဟု ကျူးလွန်သည့် သာယာ၀တီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့ – အုတ်ဖိုက ပစ်ခတ်တိုက်ခိုက်သည့်ရုပ်သံကို ယခုည ထုတ်ပြန်သည်။
ဖြစ်စဥ်မှာ ပဲခူးတိုင်း၊ သာယာ၀တီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်၊ ကြို့ပင်ကောက်ဆေးရုံအနီးရှိ သဲကုန်းလေးကျီစု စစ်ဆေးရေးဂိတ်အား သာယာ၀တီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့ – အုတ်ဖို PDF များက နိုဝင်ဘာ ၂၃ ရက် နံနက် ၈ နာရီ ၃၀မိနစ် အချိန်တွင် အလစ်အငိုက် ၀င်ရောက် စီးနင်းတိုက်ခိုက်ခဲ့ရာ ဒုရဲအုပ် ကျော်ဇင်ထွန်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၄ ဦးတို့ နေရာတွင် ကျဆုံးသွားပြီး ၂ ဦးမှာလည်း ပြင်းထန်ဒဏ်ရာများရရှိသွားသည်ဟု ဆိုသည်။





အဆိုပါ စစ်ဆေးရေးဂိတ်အား နံနက် ၉ နာရီ ၃၀ မိနစ် အချိန်တွင် သိမ်းပိုက်ခဲ့ပြီး MA13 တစ်လက်၊ G3 တစ်လက်၊ G4 တစ်လက်၊ G3 ကျည် ၄၀ တောင့်၊ Ma13 ကျည် ၂၀ တောင့်၊ ကျည်ဘောက် သုံးခု၊ လက်ပစ်ဗုံး သုံးလုံးနှင့် လက်ထိပ် တစ်ခုတို့အား သိမ်းဆည်းရရှိခဲ့ကာ အပြန်အလှန်ပစ်ခတ်မှုအတွင်း PDF တစ်ဦး သေဆုံးခဲ့သည်ဟု ပြောသည်။
PDF များ ပစ်ခတ်မှုရုပ်သံတွင်လည်း လုံခြုံရေးတပ်ဖွဲ့ဝင်များ သေဆုံးနေသည်ကို တွေ့ရသလို PDF တို့က လုံခြုံရေးတပ်ဖွဲ့ဝင်တို့၏ ဆိုင်ကယ်များ လုယက်ခိုးယူနေသည်လည်း တွေ့ရှိရသည်။
ပဲခူးတိုင်းသည် အုပ်ချုပ်ရေးမှူးနှင့် ပြည်သူများ နိုင်ငံ့ဝန်ထမ်းများကို PDF များက ချောင်းမြောင်းလုပ်ကြံသတ်ဖြတ်မှုများပြားသည့် တိုင်းတစ်ခုဖြစ်သလို ကျူးလွန်သူများ ဖမ်းဆီးနိုင်ခြင်းမရှိသဖြင့် PDF များ ပိုမိုအတင့်ရဲလာပြီး မြို့ပေါ်တွင်ပင် လုံခြုံရေးတပ်ဖွဲ့ကင်းစခန်းကို စီးနင်းသတ်ဖြတ်လာခြင်းဖြစ်သည်။
