၂၆.၁၁.၂၀၂၅
Written by Hey Mar
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ တညင်းကုန်းရပ်ကွက်၊ ခရေပင်လမ်း၊ တညင်းကုန်းလက်လီ လက်ကားဈေးကြီးမှာ အခုနိုဝင်ဘာ ၂၆ ရက် ည ၈ နာရီ ၅ မိနစ်အချိန်ခန့်က မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး Level -1 အဆင့် ခေါ်ယူကာ မီးငြှိမ်းသတ်ခဲ့ရကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
မီးစတင်လောင်ကျွမ်းတဲ့နေရာက တညင်းကုန်းဈေး ကုန်ခြောက်တွေ လက်လီလက်ကားရောင်းချတဲ့ ရုံဖြစ်ပြီး ဈေးရုံ (၃) လို့ ကနဦးသိရှိရပါတယ်။ မီးငြှိမ်းသတ်မှုကို မိနစ် ၄၀ ကြာ ဆောင်ရွက်ခဲ့ရပြီး ည ၈ နာရီ ၄၅ မိနစ်အချိန်ခန့်မှာ မီးငြိမ်းတယ်လို့ သိရပါတယ်။

မြေပြင်မှာပါဝင်ကူညီနေတဲ့ လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူက “မီးလောင်ကျွမ်းမှုစတင်ဖြစ်ပွားရတဲ့ အကြောင်းအရင်းကတော့ တာဝန်ရှိသူတွေ စုံစမ်းစစ်ဆေးနေတုန်းပါ။ လူထိခိုက်မှုတော့မရှိခဲ့ပါဘူး။မီးလောင်ပြင်ရှင်းလင်းနေဆဲမို့ လိုအပ်တာတွေ ဝိုင်းဝန်းကူပေးနေပါတယ်” လို့ MT Newsကို ပြောပါတယ်။
အဆိုပါ မီးလောင်ကျွမ်းမှုကို အင်းစိန်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၄)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်တွေက ထွက်ခွာငြှိမ်းသတ်ခဲ့ကြတယ်လို့ သိရပါတယ်။
