၂၆. ၁၁. ၂၀၂၅
Written by Nyein Kyaw
ရာဇသတ်ကြီး ပုဒ်မ (၅၀၅-က) အရ ပြစ်မှုထင်ရှားစီရင်ခံရပြီး ပြစ်ဒဏ်ကျခံရသူများနှင့် ရာဇသတ်ကြီးပုဒ်မ (၅၀၅-က) အပြင် ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၅၁၂ ဖြင့်ပါ တရားစွဲဆိုခံထားရပြီး ပြစ်မှုကြားနာစစ်ဆေးဆဲအားလုံး စုစုပေါင်း ၈,၆၆၅ ဦးအား လွတ်ငြိမ်းချမ်းသာခွင့်နှင့် အမှုများပိတ်သိမ်းကြောင်း အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက ယနေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။
အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီသည် ပြည်သူလူထုတစ်ရပ်လုံးက လိုလားတောင့်တသည့် ပါတီစုံဒီမိုကရေစီစနစ်ကို အောင်မြင်စွာလျှောက်လှမ်းနိုင်ရေးအတွက် အဓိကထားဆောင်ရွက်လျက်ရှိသည့်အားလျော်စွာ ပြည်သူလူထုပူးပေါင်းဆောင်ရွက်မှုဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ဦးတည်ချက် ချမှတ်ဆောင်ရွက်လျက်ရှိသည်။

ယင်းကဲ့သို့ ဆောင်ရွက်မှုများအဖြစ် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အမိန့်အမှတ် (၁၀/၂၀၂၅) အရ မကြာမီကျင်းပတော့မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်ပြည်သူအားလုံး ဆန္ဒမဲပေးပိုင်ခွင့် မဆုံးရှုံးစေရေးနှင့် လွတ်လပ်မျှတစွာ ဆန္ဒမဲပေးနိုင်ရေးအတွက် ရာဇသတ်ကြီးပုဒ်မ ၅၀၅-က အရ ပြစ်မှု ထင်ရှားစီရင်ခံရပြီး အကျဉ်းထောင်/အချုပ်ထောင်/အကျဉ်းစခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား/အကျဉ်းသူ ၇၂၄ ဦးကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ(၁)အရ “နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက် ကျခံပါမည်”ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် ယင်းတို့ကျခံရန် ကျန်ရှိသော ပြစ်ဒဏ်များအပေါ် လျှော့ပေါ့၍ ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ပြုလိုက်သည်။
အလားတူ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အမိန့်အမှတ် (၁၁ /၂၀၂၅) အရ မကြာမီကျင်းပတော့မည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကြီးတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်ပြည်သူအားလုံး ဆန္ဒမဲပေးပိုင်ခွင့် မဆုံးရှုံးစေရေးနှင့် လွတ်လပ်မျှတစွာ ဆန္ဒမဲပေးနိုင်ရေးအတွက် ရာဇသတ်ကြီးပုဒ်မ ၅၀၅-က အရ ပြစ်မှု ထင်ရှားစီရင်ခံရပြီး အကျဉ်းထောင်/အချုပ်ထောင်/အကျဉ်းစခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား/အကျဉ်းသူ ၂,၃၆၁ ဦးကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ(၁)အရ ယင်းတို့ကျခံရန် ကျန်ရှိသော ပြစ်ဒဏ်များအပေါ် လျှော့ပေါ့၍ လွတ်ငြိမ်းသက်သာခွင့်ပြုလိုက်သည်။
ထို့အပြင် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အမိန့်အမှတ် (၁၂ /၂ဝ၂၅) ဖြင့် မကြာမီကျင်းပတော့မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်ပြည်သူအားလုံး လွတ်လပ်မျှတစွာ ဆန္ဒမဲပေးနိုင်ရေးအတွက် ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့်လည်းကောင်း၊ ယင်းပြစ်မှုဖြင့် ထွက်ပြေး တိမ်းရှောင်နေသဖြင့် ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၅၁၂ ဖြင့်လည်းကောင်း တရားစွဲဆိုခံရသူ ၅,၅၈၀ ဦး တို့၏ ကြားနာစစ်ဆေးဆဲ အမှုများကို ပိတ်သိမ်း၍ တရားခံများအား အမှုမှလွှတ်ရန် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၄၂၇ အရ အမိန့် ထုတ်ပြန်လိုက်သည်ဟု သိရသည်။
