◾️ ရာဇသတ်ကြီး (၅၀၅-က) အရ ပြစ်မှုထင်ရှားစီရင်ခံရပြီးသူများကိုလည်း ခံဝန်ဖြင့် ပြစ်ဒဏ်များအပေါ် လျှော့ပေ့ါပြီး ပြစ်ဒဏ်မှ လွတ်ငြိမ်းချမ်းသာခွင့် ပြုပေးမည်
၂၆. ၁၁. ၂၀၂၅
Written by Nyein Kyaw
ရာဇသတ်ကြီး ပုဒ်မ (၅၀၅-က)ဖြင့် တရားစွဲဆိုခံထားရသူများနှင့် ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၅၁၂ ဖြင့် တရားစွဲဆိုခံထားရသူများကို ပြစ်ဒဏ်မှ လွတ်ငြိမ်းချမ်းသာခွင့် ပေးသွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ယနေ့တွင် ပြောကြားသည်။
“မနေ့ကတော့ ကျွန်တော်တို့ အမေရိကန်နိုင်ငံအစိုးရအနေနဲ့ မြန်မာနိုင်ငံကို ပေးထားတဲ့ TPS အဆင့်အတန်းကနေပြီးတော့ ဒါရုပ်သိမ်းပြီး အမေရိကန်နိုင်ငံထဲမှာရှိတဲ့ မြန်မာနိုင်ငံသားတွေကို မြန်မာနိုင်ငံကို ပြန်ဖို့အတွက် ပြောဆိုခဲ့တာရှိပါတယ်။ ဒါနဲ့ပတ်သက်ပြီးလည်း ကျွန်တော် မနေ့က ထုတ်ပြန်ပြီးလည်း ဖြစ်ပါတယ်။ ဒီကျွန်တော်တို့ မြန်မာနိုင်ငံသားတွေအနေနဲ့ မြန်မာနိုင်ငံကို ပြန်လာနိုင်ကြောင်းနဲ့ မဲပေးနိုင်ကြောင်း ပြောခဲ့တာရှိပါတယ်။ ဒီနေ့မှာတော့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီအနေနဲ့ မကြာခင်မှာ ကျင်းပတော့မယ့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲမှာ ဆန္ဒမဲပေးပိုင်ခွင့်တဲ့ မဲဆန္ဒရှင်ပြည်သူအားလုံး လွတ်လပ်မျှတစွာ ဆန္ဒမဲပေးနိုင်ရေးအတွက် ရာဇသတ်ကြီး ပုဒ်မ ၅၀၅-က နဲ့ တရားစွဲဆိုခံထားရတဲ့သူတွေ၊ အဲဒီ (၅၀၅-က) နဲ့ တရားစွဲဆိုခံထားရပြီး ထွက်ပြေးတိမ်းရှောင်နေတဲ့အတွက် ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၅၁၂ နဲ့ တရားစွဲဆိုခံထားရတဲ့သူတွေကို ကြားနာနေဆဲမှုများကို ပိတ်သိမ်းပြီး တရားခံများကို အမှုမှလွှတ်ဖို့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၂၇ နဲ့အညီ အမိန့်ထုတ်ပြန်သွားဖို့ရှိပါတယ်။ ဒီနေ့ ထုတ်ပြန်သွားမှာဖြစ်ပါတယ်။ နောက်တစ်ခုကတော့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်ဖြစ်ပါတယ်။ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်မှာလည်း ရာဇသတ်ကြီး (၅၀၅-က) အရ ပြစ်မှုထင်ရှားစီရင်ခံရပြီး အကျဉ်းထောင်၊ အချုပ်ထောင်၊ အကျဉ်းစခန်းအသီးသီးမှာ ပြစ်ဒဏ်ကျခံနေဆဲ အကျဉ်းသားအကျဉ်းသူတွေကို ခံဝန်နဲ့ ပြစ်ဒဏ်များအပေါ် လျှော့ပေ့ါပြီး ပြစ်ဒဏ်မှ လွတ်ငြိမ်းချမ်းသာခွင့် ပြုပေးမှာဖြစ်ပါတယ်။ ဒါကို ဒီနေ့မှာပဲ မကြာမီ ထုတ်ပြန်ဖို့ရှိမှာဖြစ်ကြောင်း သတင်းပေးလိုပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
မြန်မာနိုင်ငံ၏ တိုးတက်မှုများကြောင့် မြန်မာနိုင်ငံသားများကို ယာယီခိုလှုံခွင့်ပေးသည့် အမေရိကန်၏ TPS ရပ်ဆိုင်းမှုကို အပြုသဘောဆောင်သောလုပ်ရပ်ဖြစ်ကြောင်း ယမန်နေ့တွင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ချီးကျူးလိုက်ပြီး လူသတ်၊ မုဒိမ်းမှုများမှအပ ကျန်ပြစ်မှု ကျူးလွန်ခဲ့သူများကို သက်ညှာပေးမည်ဖြစ်သလို အမေရိကန်မှ လွတ်လပ်စွာ ပြန်လာနိုင်သည့်အပြင် လာမည့်ရွေးကောက်ပွဲတွင် မဲပါပေးနိုင်ကြောင်း ဖိတ်ခေါ်ထားပြီးလည်းဖြစ်သည်။
