နေမိုး
၂၃. ၁၁. ၂၀၂၅
စစ်ကိုင်းမြို့ရှိ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်အတွင်းရှိ ကျောင်းအုပ်ကြီးနေအိမ်ကို PDF များက သေနတ်ဖြင့်ဝိုင်းပစ်၍ ကျောင်းအုပ်ကြီးဇနီး သေဆုံးခဲ့ရရှာသည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက ယနေ့သတင်းထုတ်ပြန်သည်။
ဖြစ်စဥ်မှာ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၁ ရက် ည ၈ နာရီ ၅ မိနစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်အတွင်းရှိ ကျောင်းအုပ်ကြီး ဦးစိုးကြည်၏ နေအိမ်အား PDF အမည်ခံ အကြမ်းဖက် သမားများ အင်အား(စိစစ်ဆဲ)ရောက်ရှိလာပြီး သေနတ်ဖြင့် ဝိုင်းဝန်းပစ်ခတ်သွားခဲ့သဖြင့် အဆိုပါ နေအိမ်အတွင်း ရှိနေသည့် ဦးစိုးကြည်၏ဇနီးဖြစ်သူ ဒေါ်စန်းစန်းဝင်း (၅၄)နှစ်တွင် ကျည်ထိမှန် ဒဏ်ရာများရရှိခဲ့၍ စစ်ကိုင်းမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသပေးနေစဉ် သေဆုံးသွားခဲ့ကြောင်း သိရသည်။
နွေဦးတော်လှန်ရေးစတင်ချိန်မှ ယခုနှစ် ဩဂုတ်လ ၁၄ ရက်နေ့အထိ အကြမ်းဖက်အဖွဲ့များ၏လုပ်ရပ်ကြောင့် သံဃာတော် အပါး ၁၀၀ ကျော်၊ ကျောင်းသားကျောင်းသူများအပါအဝင် ကလေးသူငယ် ၃၅၇ ဦး၊ အုပ်ချုပ်ရေးဝန်ထမ်း ၁,၂၅၃ ဦး၊ ဆရာ/ဆရာမ ၁၂၀ ဦး၊ ကျန်းမာရေးဝန်ထမ်း ၂၄ ဦးနှင့် ပြည်ခိုင်ဖြိုးပါတီဝင် ၁၀၀၀ ကျော် အပါအဝင် အပြစ်မဲ့ပြည်သူ ၉,၆၁၆ ဦးမှာ “ဒလန်၊ သူလျှို၊ သတင်းပေး၊ ပျူစောထီး၊ နစကယန္တရားလည်ပတ်အောင်ပြုလုပ်ပေးသူ” ဆိုသည့် စွပ်စွဲချက်များနှင့် NLD, CRPH, NUG, PDF, EAOs တို့၏ သတ်ဖြတ်မှုကို ခံထားရသည်။
