◾️ပြည်တွင်း၌ပင် ပြောင်းလဲတည်ဆောက်ထားသည့် ဘတ္ထရီလျှပ်စစ်စက်ခေါင်းများသည် တွဲဆိုင်း ၁၉ တွဲအထိ ချိတ်ဆက်ကာ ကီလိုမီတာ ၂၀၀ ခန့်အထိ ဆက်တိုက်ပြေးဆွဲနိုင်
◾️ လက်ရှိတွင် တွဲဆိုင်း ၄ တွဲသာ ပြေးဆွဲပေးသော်လည်း စီးနင်းသူခရီးသည်များပြားလာပါက တွဲဆိုင်းများ ထပ်မံချိတ်ဆက် ပြေးဆွဲပေးမည်
၂၃. ၁၁. ၂၀၂၅
Written by Nyein Kyaw
နေပြည်တော်-မန္တလေးရထားလမ်းပိုင်းတွင် ဘတ္ထရီလျှပ်စစ်စက်ခေါင်း အသုံးပြုပြီး လေအေးပေးစက်ပါ လေအိတ်ရထားတွဲဆိုင်းများဖြင့် စတင်ပြေးဆွဲခြင်း အခမ်းအနားအား ယမန်နေ့တွင် နေပြည်တော်ဘူတာကြီး အမှတ် (၁) စင်္ကြံတွင် ကျင်းပခဲ့ရာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦးက တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။
ဖွင့်ပွဲအခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် နေပြည်တော်မှ မန္တလေးသို့ လိုက်ပါစီးနင်းမည့် ခရီးသည်များအား အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ပြီး ရထားခရီးစဉ်အား လိုက်ပါစီးနင်းခဲ့သလို ရထားပေါ်တွင် မီဒီယာများ၏ သိရှိလိုသည်များကိုပါ ဖြေကြားခဲ့သည်။

အဆိုပါ ဘတ္ထရီရထားတွဲခေါင်းများသည် ရထားတွဲ ၁၅ တွဲမှ ၁၉ တွဲအထိ ဆွဲနိုင်သည့်အပြင် ကီလိုမီတာ ၂၀၀ ခန့်အထိ တစ်ချိန်တည်း၊ တစ်ပြိုင်နက် ပြေးဆွဲနိုင်သော်လည်း လက်ရှိတွင် လက်ပါစီးနင်းသူ ၃၀၀ ဝန်းကျင်ခန့်သာရှိသေး၍ အထက်တန်းနှစ်တွဲနှင့် ရိုးရိုးတန်းနှစ်တွဲသာ ပြေးဆွဲခြင်းဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက မီဒီယာများအား ဖြေကြားရာတွင် ထည့်သွင်းပြောကြားသည်။
“ခရီးသည်တွေ တကယ်စီးနင်းမှုများလာမယ်ဆိုရင်တော့ ရထားတွဲကို ထပ်မံချိတ်ဆက် ပြေးဆွဲသွားနိုင်တဲ့အနေအထားပေါ့။ ရထားလမ်းအနေအထားရယ်၊ စက်ခေါင်းရဲ့ အနေအထားရယ်နဲ့ အခု ၅ နာရီတွက်ထားတာပေါ့။ ရထားလမ်းကို ထပ်အဆင့်မြှင့်ဆိုလို့ရှိရင် ၅ နာရီကနေပြီးတော့ ၄ နာရီခွဲ၊ ၄ နာရီနဲ့ ပြေးဆွဲနိုင်ဖို့အတွက် ဆက်လက်ပြီးတော့ ကြိုးပမ်းစားရွက်သွားမယ့်အနေအထားပါ” ဟု ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
မြန်မာ့မီးရထားအနေဖြင့် လက်ရှိမြင်းကောင်ရေ ၁၃၀၀ အား ဒီဇယ်လျှပ်စစ်စက်ခေါင်း ၆ ခေါင်းကို ဘတ္ထရီလျှပ်စစ်စက်ခေါင်းအဖြစ် ပြောင်းလဲတည်ဆောက်ရန် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် အရေးပေါ် ရန်ပုံငွေမှ သုံးစွဲခွင့်ရရှိခဲ့ပြီး စက်ခေါင်းအသစ် တပ်ဆင်ထုတ်လုပ်ရေးစက်ရုံ နေပြည်တော်တွင် ပြောင်းလဲတည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထပ်မံ၍ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင်လည်း မြင်းကောင်ရေ ၁၃၀၀ အား ဒီဇယ်လျှပ်စစ်စက်ခေါင်း ၆ ခေါင်းကို အလားတူ ဘတ္ထရီလျှပ်စစ်စက်ခေါင်းအဖြစ် ပြောင်းလဲတည်ဆောက်ရန် ဆက်လက်ဆောင်ရွက်နေကြောင်း သိရသည်။
မန္တလေး-နေပြည်တော်၊ နေပြည်တော်-မန္တလေး ခရီးစဉ်အတွက် လက်မှတ်ခနှုန်းထားမှာ ရိုးရိုးတန်းငွေကျပ် ၁၅၀၀၀၊ အထက်တန်းငွေကျပ် ၂၀၀၀၀ ဖြစ်ပြီး ခရီးသည် ၂၃၈ ဦး လိုက်ပါစီးနင်းနိုင်ကြောင်း သိရသည်။
