◾️ ဥရောပခေါင်းဆောင်များက ထရမ့်ပ်၏ ငြိမ်းချမ်းရေးအစီအစဉ်ကို ပြန်လည်ပြင်ဆင်ဖို့ တွန်းအားပေးဖွယ်ရှိ

၂၃ .၁၁.၂၀၂၅.
Translated by Htwe Ko Tun
E3 လို့ခေါ်တဲ့ ဂျာမနီ၊ ပြင်သစ်နဲ့ ယူနိုက်တက်ကင်းဒမ်းနိုင်ငံတို့မှ လုံခြုံရေးအရာရှိတွေဟာ ယူကရိန်း စစ်ပွဲအတွက် အမေရိကန်က အဆိုပြုထားတဲ့ ငြိမ်းချမ်းရေးအစီအစဉ် အဆိုပြုချက်ကို ဆွေးနွေးဖို့ ဥရောပသမဂ္ဂ၊ အမေရိကန်နဲ့ ယူကရိန်းနိုင်ငံတို့မှ လုပ်ဖော်ကိုင်ဘက် ကိုယ်စားလှယ်တွေနဲ့ ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့မှာ နိုဝင်ဘာလ ၂၃ ရက်မှာ တွေ့ဆုံဆွေးနွေးကြမှာ ဖြစ်ပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယို ဟာလည်းဆွေးနွေးပွဲကို တက်ရောက်ဖို့ မျှော်လင့်ရပါတယ်။
ယူကရိန်းရဲ့ မဟာမိတ် ဥရောပနိုင်ငံတွေကတော့ ယူကရိန်းအစိုးရအတွက် လက်ခံနိုင်ဖွယ်မရှိဘူးလို့ ပြောဆိုမှု ရှိပြီး သူတို့ယူဆကြတဲ့ ပြဋ္ဌာန်းချက်တွေကို ညှိနှိုင်းပြင်ဆင်ဖို့ ရည်ရွယ်ထားပါတယ်။
ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်က “အမေရိကန်ရဲ့ အဆိုပြုချက်မှာမဖြစ်နိုင်တာတွေ အများကြီးရှိပြီး ပိုမိုကျယ်ပြန့်တဲ့ တိုင်ပင်ဆွေးနွေးမှု လိုအပ်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
ဂျာမနီဝန်ကြီးချုပ်ဖရိုက်ဒရစ်ချ် မာ့ဇ်ကလည်း ယူကရိန်းကို ထောက်ခံဖို့ အရေးကြီးတယ်ဆိုတာ အလေးပေးပြောကြားခဲ့ပါတယ်။ သူက “တကယ်လို့သာယူကရိန်းက ဒီစစ်ပွဲမှာ ရှုံးနိမ့်ပြီး ပြိုလဲသွားခဲ့ရင် ဥရောပတိုက်ရဲ့ နိုင်ငံရေးတစ်ခုလုံးအပေါ်၊ ဥရောပတိုက်ကြီးတစ်ခုလုံးအပေါ် သက်ရောက်မှုရှိလိမ့်မယ်။ ဒါက ကျွန်တော်တို့ ဒီ ကိစ္စကို အလွန်အလေးထားရတဲ့အချက်ပါ” လို့ လည်း ပြောကြားခဲ့ပါတယ်။
မက်ခရွန်၊ မာ့ဇ် နဲ့ ယူကရိန်းအရာရှိတွေဟာ နိုဝင်ဘာလ ၂၂ ရက်ကက တောင်အာဖရိကမှာ ကျင်းပတဲ့ G20 ထိပ်သီးအစည်းအဝေးမှာ သီးခြားဘေးထွက် တွေ့ဆုံမှု ပြုခဲ့ကြပါသေးတယ်။
သူတို့က ကြေညာချက်တစ်ရပ်ထုတ်ပြန်ခဲ့ရာမှာ “အချက် ၂၈ ချက်ပါ အစီအစဉ်ရဲ့ ကနဦးမူကြမ်းမှာ တရားမျှတပြီး ရေရှည်တည်တံ့မယ့် ငြိမ်းချမ်းရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ အရေးကြီးသော အချက်တွေ ပါဝင်ပါတယ်။ မူကြမ်းက အပိုဆောင်းလုပ်ဆောင်မှု ပြုလုပ်ဖို့ လိုအပ်သေးတဲ့ အခြေခံတစ်ခုဖြစ်တယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ် ” လို့ ဖော်ပြခဲ့ကြပါတယ်။
Ref-DW News
