နေမိုး
၂၃. ၁၁. ၂၀၂၅
လက်နက်ကိုင်အကြမ်းဖက်အဖွဲ့များသည် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့၊ ရွာများ အတွင်း တိုက်ပွဲများဖော်ဆောင်ခြင်း၊ လက်နက်ကြီးများဖြင့် အဝေးမှပစ်ခတ်ခြင်း၊ Drone ဖြင့် Drop Bomb များ ပစ်ချတိုက်ခိုက်ခြင်း၊ လက်လုပ်ဗုံး၊ လက်လုပ်မိုင်းများဖြင့် မိုင်းထောင်ဖောက်ခွဲ တိုက်ခိုက်ခြင်းများအား လုပ်ဆောင်လျက်ရှိသည့်အပြင် အပြစ်မဲ့ အရပ်သားပြည်သူများကို ပစ်မှတ်ထားဖမ်းဆီး၍ ခြိမ်းခြောက်ငွေတောင်းခံခြင်း၊ သတ်ဖြတ်ခြင်းများစသော လူသားချင်း မစာနာသည့် လူမဆန်သော အကြမ်းဖက်မှုများနှင့် ရာဇဝတ်မှုများအား ကျူးလွန်လုပ်ဆောင်လျက် ရှိရာ ယခုလည်း ချောင်းဦး PDF များက ခရီးသည်တင် မော်တော်ယာဉ် တစ်စီးနှင့် ယာဉ်ပေါ်တွင် လိုက်ပါလာသူ ခရီးသည် ၂၀ ကျော်အား အကြမ်းဖက် ခြိမ်းခြောက်၍ ဖမ်းဆီးခေါ်ဆောင်သွားကြသညါဟု ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
ဖြစ်စဥ်မှာ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၁၉ ရက် မွန်းလွဲ ၁ နာရီ ၁၀ မိနစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ အဝေးပြေးကားကြီးဝင်းမှ ယာဉ်မောင်း ဦးညီညီထွေး(၅၅)နှစ် မောင်းနှင်ပြီး ယာဉ်အကူ ဦးစိုးဝင်းအောင်(၃၀)နှစ် လိုက်ပါလာသည့် ခရီးသည်တင်မော်တော်ယာဉ်သည် ခရီးသည် ၂၂ ဦးအား တင်ဆောင်ကာ မုံရွာ-ချောင်းဦး-မန္တလေးလမ်းအတိုင်း မုံရွာမြို့မှ မန္တလေး မြို့ဘက်သို့ မောင်းနှင်ထွက်ခွာလာစဉ် ချောင်းဦးမြို့နယ်၊ နတ်ရေကန်ကျေးရွာနှင့် မြင်းမူမြို့နယ်၊ ဂွေးပင်တောကျေးရွာအကြား ဒေသအခေါ် ရေပိုးစားဘုန်းကြီးကျောင်းအနီးအရောက်၌ PDF များက မော်တော်ယာဉ်အား တားဆီးကာ ယာဉ်မောင်းနှင့် ခရီးသည်များအား မော်တော်ယာဉ်နှင့်အတူ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။
အဆိုပါလမ်းပိုင်းကို ကျက်စားနေသည့် ချောင်းဦး PDF များက ဖြစ်စဥ်နေရာကို ပြည်သူများသွားလာခြင်းမပြုရတ်တားမြစ်ထားပြီး ထိုသို့တားမြစ်ချိန် သွားလာသည့်ပြည်သူများကို ဖမ်းဆီးခြင်းဟုလည်း သိရသည်။
အထက်ပါဖြစ်စဉ်မှ အပြစ်မဲ့ အရပ်သားပြည်သူများအား ပစ်မှတ်ထားဖမ်းဆီး၍ ခြိမ်းခြောက် ငွေတောင်းခံခြင်း၊ သတ်ဖြတ်ခြင်းများစသော လူသားချင်းမစာနာသည့် လူမဆန်သော ရာဇဝတ်မှု များအား ကျူးလွန်လုပ်ဆောင်လျက်ရှိသည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးအရေးယူ နိုင်ရေးနှင့် ဖမ်းဆီးခံထားရသူများအား ပြန်လည်ကယ်တင်နိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
