၂၂.၁၁.၂၀၂၅
Written By Thandar
အသည်းကွဲမြို့တော်၊ တစ်စုံတစ်ရာ၊ အလွမ်းကဖီးတေးသီချင်းတွေနဲ့ ပရိသတ်အားပေးမှု အခိုင်အမာရရှိထားတဲ့ အဆိုတော်ကြီး ဂျေမောင်မောင်က နိုဝင်ဘာ ၆ ရက်နံနက်ပိုင်းက ဦးနှောက်သွေးကြောပေါက်ပြီး ဘယ်ဘက်တစ်ခြမ်းလေထိသွားလို့ ဆေးကုသမှုခံယူနေရတယ်လို့ သိရပါတယ်။
“ကျွန်တော်တို့ရဲ့ အစ်ကိုကြီး ဂျေမောင်မောင်…။ နိုဝင်ဘာ ၆ ရက်နေ့ နံနက်က ဦးနှောက်သွေးကြောပေါက်ပြီး ဘယ်ဘက်တစ်ခြမ်းလေထိသွားပါတယ်။ လေ့ကျင့်ခန်းလုပ် အချိန်လေးတော့ယူရမှာပါ။ ကျွန်တော့်အစ်ကို အရင်ကလို ကျန်းမာရေးကောင်းကောင်းနဲ့ သီချင်းတွေပြန်ဆိုနိုင်အောင် ဆုတောင်းပေးကြပါနော်…။ ဆုတောင်းမေတ္တာပို့သပေးကြတဲ့သူတွေကိုလည်း ကျေးဇူးတင်ပါတယ်နော်” လို့ အဆိုတော်ဂျေမောင်မောင် ညီမဖြစ်သူ ဂျေညီမလေးက ပရိသတ်သိအောင်ပြောလာပါတယ်။
သူဟာ လက်ရှိကျန်းမာရေးချို့ယွင်းတာနဲ့ပတ်သက်ပြီး လေဖြန်းဝေဒနာကို နှစ်ပတ်နီးပါးခံစားနေရတာလည်းဖြစ်ပါတယ်။
“အဖေ နေမကောင်းဖြစ်နေတာကို မေတ္တာတွေနဲ့ ဂရုစိုက်ချစ်ခင် ခွန်အားပေးကြတဲ့ မိတ်ဆွေသူငယ်ချင်း၊ ပရိသတ်တွေ အားလုံး ကျန်းမာချမ်းသာနိုင်ကြပါစေကြောင်း ဆုတောင်း မေတ္တာတွေပို့သလိုက်ပါတယ်။ အဖေကလည်း အမြဲဆုတောင်းပေးနေပါတယ်။ အားလုံးနေကောင်းကျန်းမာချမ်းသာကြပါစေ။အထူးသဖြင့် သူ့လိုအဖြစ်မျိုးမကြုံကြပါစေနဲ့”လို့ သမီးဖြစ်သူ အဆိုတော် သီရိဂျေမောင်မောင်က ရင်ဖွင့်လာပါတယ်။
