◾️ သိုလှောင်ဖြန့်ဖြူးသူနှင့် လက်လီဆိုင်များလည်း လာရောက်ပူးပေါင်းရန်အပြင် သိုလှောင်ထားသူများ ထုတ်ရောင်းရန်နှင့် သိုလှောင်ဈေးနှုန်း မြှင့်တင်ရောင်းချခြင်း (လုံး၀) မပြုလုပ်ရန်ပါ အသိပေး
၂၂. ၁၁. ၂၀၂၅
Written by Nyein Kyaw
ရန်ကုန်တိုင်းအတွင်း ပေါ်ဆန်းဆန်ဈေးနှုန်း တည်ငြိမ်မှန်ကန်စေရေး နိုဝင်ဘာလ ၂၆ ရက်မှစတင်၍ အိမ်အရောက်ပို့စနစ် (Home Delivery) ဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) က ယနေ့တွင် အသိပေးထုတ်ပြန်ထားသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း ပေါ်ဆန်းဆန်ဈေးနှုန်းများ တည်ငြိမ်မှန်ကန်စေရေးတွက် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်နေ့မှစတင်ပြီး စားသုံးသူအိမ်ထောင်စုများထံသို့ အိတ်အကြီး (၁၀၈ ပေါင်/၂၄ ပြည်) အား အိမ်အရောက်ပို့စနစ် (Home Delivery) ဖြင့်လည်းကောင်း၊ အိတ်အသေး (10 Kg၊ 5Kg) များအား ရပ်ကွက်များ၊ ဈေးများသို့ လှည့်လည်ရောင်းချမှုကို လည်းကောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နှင့် မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်းတို့ ပူးပေါင်း၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

“လောလောဆယ်တော့ ဈေးနှုန်းမသတ်မှတ်ရသေးဘူး။ ပြန်ထိုင်ပြီးတော့ တင်ပေးပါ့မယ်။ ဖုန်းနံပါတ်တွေလည်း မပါဘူးပြောတယ်။ ပေါ်ဆန်းကို 10 Kg၊ 5 Kg တွေအပြင် ၁၂ ပြည်ပေါ့။ 24 Kg လောက်အထိပါ ရောင်းမလားလို့ ပြန်လုပ်နေပါတယ်။ ဈေးတွေကိုတော့ ပတ်ရောင်းမယ်။ 10 Kg ကို သုံးသောင်းခွဲလောက်နဲ့ ရောင်းမယ်။ အိမ်အရောက်ပို့ ၂၄ ပြည်အိတ်ကလည်း အပြင်ဈေးထက် သက်သာမယ်။ ဈေးနှုန်းတွေကို ထပ်ထုတ်ပြန်ပေးပါမယ်” ဟု ဆန်စပါးကုန်သည်များအသင်းမှ အတွင်းရေးမှူးက ပြောသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း ပေါ်ဆန်းဆန် (ရွှေဘိုပေါ်ဆန်း၊ ဧရာဝတီပေါ်ဆန်း) သိုလှောင်ဖြန့်ဖြူး ရောင်းချနေသူများ/ လက်လီဆိုင်များအနေဖြင့် မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်း၊ ဝါးတန်းကုန်စည်ဒိုင်နှင့် ဆက်သွယ်ပြီး ဤအစီအစဉ်တွင် ပူးပေါင်းပါဝင်ရန်လိုအပ်ကြောင်း အသိပေးထားသည်။

မိမိတို့လက်ဝယ်သိုလှောင်ထားသော ပေါ်ဆန်းဆန်များအား ပစ္စည်းမှန်၊ ဈေးနှုန်းမှန်၊ အရည်အသွေးမှန်စွာဖြင့် ဈေးကွက်အတွင်းသို့ စဉ်ဆက်မပြတ် ထုတ်ရောင်းပေးရန်နှင့် သိုလှောင်ဈေးနှုန်း မြှင့်တင်ရောင်းချခြင်းများ (လုံးဝ) မပြုလုပ်ရန် အသိပေးထားသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ၂၀၂၄ ခုနှစ် အောက်တိုဘာ ၂၄ ရက်နေ့ ရက်စွဲပါ အမိန့်အမှတ် (၈၂/၂၀၂၄) အရ စီးပွားရေးအလို့ငှာ ဆန်စပါးသိုလှောင်မှုကို မြန်မာဆန်းပါးအွန်လိုင်း (MyRO) www.myro.com.mm တွင် မှတ်ပုံတင်ရမည်ဖြစ်သည်။
ထို့ကြောင့် သိုလှောင်ဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းများအနေဖြင့် MyRo စနစ်တွင် မှတ်ပုံတင်ရန်၊ ကုန်ရ၊ ကုန်ထုတ်၊ ကုန်လက်ကျန်စာရင်းများကို လစဉ်လဆန်း ၁ ရက်နေ့မှ ၇ ရက်နေ့အတွင်း MyRO တွင် စာရင်းထည့်သွင်းရန်တို့အား မပျက်မကွက် လိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်း ထပ်မံအသိပေးထားသည်။

