၂၂.၁၁.၂၀၂၅
Written by NYL
ပြည်ခိုင်ဖြိုးပါတီသို့ တပ်မတော်သား ၅၀၀ ခန့်ရောက်လာသည်ဟု ဆိုသည်မှာ မဟုတ်ကြောင်း၊
ဆန္ဒနှင့် ဝါသနာအရ ဆယ်ဂဏန်းခန့်သာ ရောက်ရှိလာကြောင်း ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦး
မျိုးဇော်သိမ်းက PAN မီဒီယာနှင့် ရုပ်သံအင်တာဗျူးဖြေကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။
အဆိုပါရုပ်သံအင်တာဗျူး၏ ပထမပိုင်းအနေဖြင့် ဒုတိယဥက္ကဋ္ဌ ဦးမျိုးဇော်သိမ်းက ၎င်း၏ လူမှုကွန်ရက် Facebook အကောင့်တွင် ဖော်ပြထားသည်။
ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးမျိုးဇော်သိမ်းက “ အတိအကျလုံး၀ပြောရမယ်ဆိုရင် မဟုတ်ပါဘူး။ သာမန် ဆယ်ဂဏန်းသေးသေးလောက် သူတို့တွေ စိတ်ဆန္ဒနဲ့ ဝါသနာကြောင့် ရောက်လာကြပါတယ်။ အခုလည်း အွန်လိုင်းတွေမှာ သူတို့ရဲ့ ကိုယ်စားလှယ်အနေနဲ့ ပြည်သူတွေကို အပ်နှံတာတွေ၊ ပြောကြားတာတွေ လုပ်နေတာ တွေ့ကြမှာပါခင်ဗျ။ တကယ်တမ်းတော့ အဲဒီလောက်ပဲရှိပါတယ်။ ခုနကပြောတဲ့ဟာဆိုရင် ကောလာဟလတစ်ခုပေါ့လေ။ ဘာကြောင့်မှန်းမသိဘူး ထွက်လာတယ်။ ကျွန်တော်လည်း အံ့ဩတယ်။ ကျွန်တော်တို့က ကိုယ်ကိုယ်တိုင် ဒီမှာနေပြီး သိတယ်။ ရောက်မလာမှန်းသိနေတဲ့အခါ ဘာပြောဦးမလဲကြည့်နေရတာပေါ့ “ ဟု ပြောကြားခဲ့သည်။

ထို့ပြင် မိမိကိုယ်တိုင်သည်ပင်လျှင် တပ်မတော်တွင် ဒုတိယဗိုလ်ချုပ်ကြီးအဆင့် စစ်ရေးချုပ်တာဝန်ထမ်းဆောင်ခဲ့ပြီး အငြိမ်းစားယူကာ နိုင်ငံရေးထဲဝင်ရန် စိတ်ဆန္ဒရှိ၊ ဝါသနာပါ၍ ပြည်ခိုင်ဖြိုးပါတီသို့ ရောက်ရှိလာခြင်းဖြစ်ကြောင်း ဦးမျိုးဇော်သိမ်းက ထပ်မံပြောကြားသည်။
‘’မကြာသေးခင်ကာလက တော်တော်ကို ဟော့နေတဲ့ Issue တစ်ခုပေါ့နော်။ ဖြစ်ခဲ့ပါတယ်။ မီဒီယာအသီးသီးနဲ့ အွန်လိုင်းမီဒီယာတွေမှာ တပ်မတော်က စုစုပေါင်း ၄၀၀ တွေရော ၅၀၀ ပြည်ခိုင်ဖြိုးပါတီကို ရောက်လာကြတယ်။ ပို့ထားတယ်။ မဟုတ်ပါဘူး။ အခု အချို့အချို့သော အရာရှိကြီးများ၊ တပ်မတော်သားလည်းပါတယ်။ အရပ်သားလည်းပါတယ်။ သူတို့ပြောတဲ့အတိုင်း မဟုတ်ပါဘူး။ တကယ်ပြောရမယ်ဆိုရင် မပြောပလောက်တဲ့အရေအတွက်လောက်ပဲ ရောက်လာတာပါ။ ဒါက ကျွန်တော်ကိုယ်တိုင်ပင်လျှင် တပ်မတော်သားတာဝန် ထမ်းဆောင်ခဲ့ပါတယ်။ ကျွန်တော် ဒုတိယဗိုလ်ချုပ်ကြီးအဆင့်နဲ့ စစ်ရေးချုပ်တာဝန်ကို ထမ်းဆောင်ခဲ့ပါတယ်။ ကျွန်တော် ဒီဘက်နိုင်ငံရေးအခြေအနေကို လေ့လာမိတော့ ကျွန်တော်ကိုယ်တိုင်ပင်လျှင် နိုင်ငံရေးကို အင်မတန်မှ ဝါသနာပါပါတယ်။ ကျွန်တော့်မိဘမျိုးရိုးတစ်လျှောက်လုံးကလည်း နိုင်ငံရေးနဲ့ ဆက်စပ်တဲ့ တာဝန်တွေ ထမ်းဆောင်ခဲ့ကြသလို ကျွန်တော်တို့က ဒီအပေါ်မှာ စိတ်ဝင်စားမှုရှိတာပေါ့။ ကျွန်တော်ကိုယ်တိုင် အငြိမ်းစားယူပြီးမှ လာတာ။ အငြိမ်းစားယူခိုင်းလို့ ဒီကိုလာတာမဟုတ်ဘူးဗျ။ ဆန္ဒမရှိဘဲနဲ့ နိုင်ငံရေးကိုလာကြတာ တကယ်တမ်းတော့ မရှိပါဘူး။ ကျွန်တော်နဲ့ပဲ နှိုင်းပြီးဖြေရပါမယ်။ မင်းဒီနေရာကို သွားရမယ်။ ဒါလုပ်ရမယ်ဆိုတာ မဟုတ်ပါဘူး။ ကျွန်တော်ကိုယ်တိုင်ကို စိတ်ဆန္ဒရှိလို့၊ ကျွန်တော်ကိုယ်တိုင်ကို ဒီနိုင်ငံရေးထဲကို ဝင်ချင်တဲ့အတွက်ကြောင့် ရောက်လာတာလို့ ကျွန်တော်ဖြေပါရစေ “ ဟု ပြောကြားခဲ့သည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီတွင် တပ်မတော်သားနှင့် အဆင့်မြင့်အရာရှိများသာ ရောက်ရှိလာသည်သာမဟုတ်ဘဲ အသက် ၃၀ ကျော် လူငယ်ပညာတတ်၊ လူငယ်လုပ်ငန်းရှင် ပါတီဝင်များစွာရှိကြောင်း ဦးမျိုးဇော်သိမ်းက ဆက်လက်ပြောကြားခဲ့သည်။
“တပ်မတော်သားတွေ ရောက်လာတယ်လို့ပဲ ပြောတာရှိတာ။ ကျွန်တော့်တို့ပါတီထဲကို ခင်ဗျားတို့လို အသက် ၃၀ နဲ့ ၄၀ ကြားထဲက လူငယ်ပညာတတ်၊ လူငယ်တွေ၊ လုပ်ငန်းရှင်တွေ ကျွန်တော်တို့ ပါတီထဲမှာ အများကြီးပါတယ်။ အဲဒီတော့ ကျွန်တော်တို့ပါတီကို တပ်ထဲကလူတွေတို့ ဟုတ်လား၊ အဆင့်မြင့်အရာရှိကြီးတို့ပဲ ရောက်လာတယ်လို့ မဟုတ်ဘူး။ ကျွန်တော်တို့ပါတီမှာ အဲဒီလိုလူငယ်တွေ၊ လူလတ်တွေ သူ့ယုံကြည်ချက်နဲ့ နိုင်ငံရေးကို သူကဝါသနာပါတဲ့အလျောက်၊ ပါတီကို ယုံကြည်တဲ့အလျောက် ဝင်လာတာ။ ကျွန်တော်တို့အဲဒီလိုလူငယ်တွေအများကြီးပါ။ တကယ့်ကို Welcome ပဲ” ဟုလည်း ဦးမျိုးဇော်သိမ်းက ဆက်လက် ပြောကြားခဲ့သည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးမျိုးဇော်သိမ်းသည် ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ၂၀၂၅ အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။
