၂၂. ၁၁. ၂၀၂၅
Written by Hey Mar
ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၀ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ဖော့စက်ရုံတစ်ရုံမှာ မြန်မာလုပ်သားတစ်ဦး ဖော့ကြိတ်စက်အတွင်း ပြုတ်ကျကာ ကြိတ်ချေခံရပြီး သေဆုံးတဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့တာကြောင့် Worker Alliance Group (WAG) အလုပ်သမားမဟာမိတ်အဖွဲ့ထံ မိသားစုက သေမှုသေခင်းဆိုင်ရာကိစ္စရပ်တွေနဲ့ နစ်နာဆုံးရှုံးမှုအတွက် လိုက်ပါကူညီပေးဖို့ အကူအညီတောင်းခံလို့ ဒီနေ့ နိုဝင်ဘာ ၂၂ ရက်နေ့မှာ စတင်ဆောင်ရွက်နေကြောင်း သိရှိရပါတယ်။

အဆိုပါဖြစ်စဉ်က ထိုင်းနိုင်ငံ၊ ချွန်ပူလီမြို့ရှိ ဖော့စက်ရုံတစ်ခုမှာ ၂၀ ရက်နေ့ မနက်ပိုင်းက ဖြစ်ပွားခဲ့တာဖြစ်ပြီး သေဆုံးသူဟာမောင်သက်ဇော်ကို (၂၄) နှစ်ဖြစ်ကြောင်း သိရပါတယ်။ မောင်သက်ကို မတော်တဆမှု ဖြစ်ပွားတာကို လုပ်ဖော်ကိုင်ဘက်တွေက သိလျင်သိချင်း စက်ကို အမြန်ပိတ်ပေမယ့် စက်ရဲ့ အရှိန်ကျန်ရှိနေတာကြောင့် ချက်ချင်းမရပ်တန့်နိုင်ခဲ့ဘူးလို့လည်း သိရပါတယ်။
ရဲတပ်ဖွဲ့နဲ့ ကယ်ဆယ်ရေးသမားတွေ ရောက်ရှိချိန်မှာ စက်ကြိတ်ခံရတာကြောင့် ခန္ဓာကိုယ်အစိတ်စိတ်အမွှာမွှာဖြစ်ပြီး သေဆုံးသွားခဲ့ပြီ ဖြစ်သလို အစိတ်အပိုင်း အကုန် ပြန်လည်ရရှိဖို့တောင် မလွယ်ကူခဲ့ဘူးလို့ သိရပါတယ်။

WAG အဖွဲ့သားတွေက ဖြစ်စဉ်ဖြစ်တဲ့ ၂၀ ရက်နေ့ကတည်းက မြို့နယ်ရုံးအသီးသီးနဲ့ပူးပေါင်းပြီး စက်ရုံထဲကို ဝင်ရောက်ကာ သေဆုံးသွားသူရဲ့မိသားစုဝင်တွေနဲ့အတူ စက်ရုံတာဝန်ရှိတွေနဲ့ သေမှုသေခင်းကိစ္စရပ်တွေ၊ နစ်နာကြေးကိစ္စတွေ ညှိနှိုင်းပေးခဲ့ရာ စက်ရုံဘက်မှ ပကန်စန်ခွန် ဥပဒေအတိုင်းလိုက်ပါဆောင်ရွက်ပေးမယ်လို့ ပြောကြားကတိပြုခဲ့တယ်လို့ သိရပါတယ်။
စက်ရုံဘက်ကလည်း စာနာထောက်ထားမှုနဲ့ထောက်ပံ့ကြေးကို လာမယ့် နိုဝင်ဘာ ၂၄ ရက်နေ့မှာ အသိပေးမယ်လို့လည်း စက်ရုံဘက်က ပြောကြားတယ်လို့ သိရပါတယ်။
