◾️ ငွေကြိုမလွှဲဘဲ ဆိုင်သို့လာဝယ်ပါက လိပ်စာအမှားများပေးနေ၍ သက်ကြီးရွယ်အိုနှင့် အများပြည်သူများ ဒုက္ခကြုံတွေ့ခဲ့ရ
၂၂. ၁၁. ၂၀၂၅
Written by Nyein Kyaw
ဆေးပစ္စည်းများနှင့် လူကြီးများအတွက်လိုအပ်သည့် အာဟာရဖြည့်စွက်စာများအား ဆိုင်ခန်းမရှိ အမှန်တကယ်ရောင်းချခြင်းမရှိဘဲ အွန်လိုင်းမှတစ်ဆင့် လိမ်လည်မှုများဖြစ်ပွားနေသဖြင့် ရန်ကုန်မြို့တွင်းရှိ ဈေးကြီးများတချို့တွင် သတိပေးကြေညာစာများကပ်ထားရကြောင်း သိရသည်။
လိမ်လည်သူများသည် အွန်လိုင်းလူမှုကွန်ရက်များတွင် ဆိုင်နာမည်အမျိုးမျိုးဖြင့် ရောင်းချနေခြင်းဖြစ်ပြီး ဝယ်ယူသူမှ အော်ဒါတင် ငွေကြိုလွှဲပါက ငွေဆုံးရှုံးမှုရှိခဲ့သည့်အပြင် ငွေကြိုမလွှဲဘဲ ဆိုင်သို့သာ လာဝယ်ချင်သူများကိုလည်း ဆိုင်လိပ်စာအမှားများပေးကာ ပြည်သူလူထုကို ဒုက္ခပေးနေခြင်းဖြစ်သည်။
အထက်ပါဖြစ်စဉ်များအား ကိုယ့်တွေ့ကြုံခဲ့ရသူတစ်ဦးက “ဒီနေ့ပဲ အမေ့အတွက် Ensure သွားဝယ်တာ။ အွန်လိုင်းကနေတွေ့တာ အပြင်ဈေးထက် သက်သာလို့ ဝယ်ဖို့ကို ငွေကြိုမလွှဲတော့ သူတို့ဆိုင် အမှန်တကယ်ရှိသလိုကို လိပ်စာပေးတာ။ အဲဒီလိပ်စာအတိုင်း သွားဝယ်တော့ မင်္ဂလာဈေးက ရွှေပြည့်စုံဈေး တတိယအထပ်ဆိုလို့ အဲဒီကိုသွားတာ သူတို့ပြောတဲ့ ဆိုင်နံပါတ်ရော ဆိုင်နာမည်ရော မရှိဘူး”ဟု ပြောသည်။

MT News အနေဖြင့် ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ်၊ မင်္ဂလာဈေးရှိ ရွှေပြည့်စုံဈေးသို့ သွားရောက်စုံစမ်းရာတွင်လည်း လုံခြုံရေးနှင့် တာဝန်ရှိသူများက ယင်းကဲ့သို့ဖြစ်စဉ်များ အဖြစ်များနေ၍ လာရောက်အမေးများသည့် ဆိုင်နာမည်ကို လူဝင်လူထွက်များသည့် ဓာတ်လှေကားအဝင်အဝ၌ ကပ်ထားကြေညာပေးထားကြောင်း သိရသည်။
“ဒီလိုဖြစ်စဉ်တွေကအများကြီးပဲ ဒီမနက်ပဲ လာမေးတဲ့သူတွေရှိတယ်။ ဒီရွှေပြည့်စုံဈေးမှာက ဆိုင်အမှတ် ၂၀၄ အထိပဲရှိတယ်။ ဆိုင်အမှတ် ၂၆၂ ဆိုတာမရှိဘူး။ ဒီကိုလာမေးရင် အဲဒီဆိုင်အမှတ် ၂၆၂ ကို နာမည်တွေအမျိုးမျိုးနဲ့ လာမေးတာ။ အမေးများတဲ့ ဆိုင်နာမည်ကိုတော့ ကပ်ထားတယ်” ဟု အဆိုပါဈေးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ယနေ့ နေ့လယ်ပိုင်းတွင် ဖြစ်ပွားခဲ့သည့် လူကြီးများအဓိကသောက်သုံးသည့် Ensure ကို အွန်လိုင်းမှတစ်ဆင့် လိမ်လည်ရောင်းချသူများ၏ ဆိုင်အမည်မှာ အာယုမေတ္တာ (ဆေးနှင့်ဆေးပစ္စည်းမျိုးစုံလက်ကားဆိုင်) ဟုလည်း သိရပြီး ဆိုင်အမှတ်ကိုလည်း အမှတ်- အေ/၂၆၂၊ တတိယအထပ်၊ ရွှေပြည့်စုံဈေး၊ မင်္ဂလာတောင်ညွှန်မြို့နယ်၊ ရန်ကုန်မြို့ဆိုသည့် ဆိုင်လိပ်စာပေးကာ လိမ်လည်နေခြင်းဖြစ်သည်ဟု သိရသည်။

