၂၂.၁၁.၂၀၂၅
Translated by Htwe Ko Tun
နိုင်ဂျီးရီးယားနိုင်ငံအလယ်ပိုင်းရှိ ကျောင်းအိပ် ကျောင်းစား ခရစ်ယာန် ကက်သလစ်ကျောင်းတစ်ကျောင်းမှ ကျောင်းသားနဲ့ ဝန်ထမ်း ၂၂၀ ကျော်ကို လက်နက်ကိုင်လူတစ်စုက ပြန်ပေးဆွဲခဲ့မှုတစ်ရပ် ဖြစ်ပွားခဲ့တယ်လို့ ဒေသခံအရာရှိတွေက နိုဝင်ဘာလ ၂၁ ရက်က ပြောကြားခဲ့ကြပါတယ်။
ဒေသခံရဲတပ်ဖွဲ့က နိုင်ငံရဲ့ အခြားဒေသတစ်ခုက မိန်းကလေးကျောင်းတစ်ကျောင်းမှာ အလားတူ တိုက်ခိုက်မှုတစ်ရပ်ဖြစ်ပွားပြီး နောက်ရက်အနည်းငယ်အကြာမှာပဲ နိုဝင်ဘာလ ၂၁ ရက် နံနက်အစောပိုင်းမှာ ဒီတိုက်ခိုက်မှု ထပ်မံဖြစ်ပွားခဲ့တာလို့ ပြောခဲ့ပါတယ်။

ဒီတိုက်ခိုက်မှုမှာ နိုင်ဂျီးရီးယားခရစ်ယာန်အသင်းက ကျောင်းသား ၂၁၅ ဦးနဲ့ ဆရာ ၁၂ ဦးအပါအဝင် စုစုပေါင်း လူ ၂၂၇ ဦး ပြန်ပေးဆွဲခံခဲ့ရတယ်လို့ ပြောကြားခဲ့ပါတယ်။
“နိုင်ဂျားပြည်နယ်အစိုးရအနေနဲ့ အဂဝါရာနယ်မြေရှိ စိန့်မေရီကျောင်းမှ ကျောင်းသားတွေကို ပြန်ပေးဆွဲမှုသတင်းကို အလွန်ဝမ်းနည်းကြေကွဲစွာဖြင့် လက်ခံရရှိခဲ့သည်” လို့ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး အဘူဘာကာ အူစမန်က ကြေညာချက်တစ်စောင်မှာဖော်ပြခဲ့ပါတယ်။
ဒေသခံကက်သလစ်ဂိုဏ်းချုပ်ဘုန်းတော်ကြီးကျောင်းက “လက်နက်ကိုင်တိုက်ခိုက်သူတွေဟာ မနက် ၁း၀၀ နာရီမှ ၃း၀၀ နာရီ [0000 မှ 0200 GMT] အကြားမှာ ကျောင်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး “ကျောင်းသားတွေ၊ ဆရာတွေနဲ့ ပစ်ခတ်ခံခဲ့ရတဲ့လုံခြုံရေးအစောင့်တစ်ဦးကို ပြန်ပေးဆွဲခဲ့ကြတာလို့ ပြောကြားခဲ့ပါတယ်။
“ကျောင်းသားအချို့ ထွက်ပြေးလွတ်မြောက်သွားပြီး ကျောင်းကိုလည်းပိတ်လိုက်ရတဲ့အတွက် မိဘတွေက သူတို့ရဲ့ကလေးတွေကို လာကြိုကြတယ်”လို့ နိုင်ဂျီးရီးယားခရစ်ယာန်အသင်းက သူ့ရဲ့ကြေညာချက်မှာ ပြောခဲ့ပါတယ်။
နိုင်ဂျာပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးက ခြိမ်းခြောက်မှုမြင့်မားလာတယ်လို့ ထောက်လှမ်းရေးသတိပေးချက်တွေရှိနေပေမယ့် ကျောင်းကို ဆက်လက်ဖွင့်လှစ်ထားဆဲဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
“ဝမ်းနည်းစရာကောင်းတာက စိန့်မေရီကျောင်းဟာ ပြည်နယ်အစိုးရထံမှ အကြောင်းကြားခြင်း သို့မဟုတ် ခွင့်ပြုချက်တောင်းခံခြင်းမရှိဘဲ ပြန်လည်ဖွင့်လှစ်ပြီး ပညာရေးဆိုင်ရာလှုပ်ရှားမှုများကို ပြန်လည်စတင်ခဲ့ပြီး ကျောင်းသားများနှင့် ဝန်ထမ်းများသည် ရှောင်ရှားနိုင်သောအန္တရာယ်များနှင့် ရင်ဆိုင်ခဲ့ရသည်” လို့ အတွင်းရေးမှူး၏ကြေညာချက်မှာ ဖော်ပြထားပါတယ်။
နိုင်ဂျာပြည်နယ်ရဲတပ်ဖွဲ့ အဆိုအရ စိန့်မေရီကျောင်းဟာ အသက် ၁၂ နှစ်မှ ၁၇ နှစ်အရွယ် ကျောင်းသားတွေအတွက် အလယ်တန်းကျောင်းတစ်ကျောင်းဖြစ်ပါတယ်။
မကြာသေးမီက တိုက်ခိုက်မှုတွေနဲ့ ပြန်ပေးဆွဲမှုတွေ ဆက်တိုက်ဖြစ်ပွားပြီးနောက် လုံခြုံရေးတပ်ဖွဲ့တွေဟာ အထူးသတိထားနေကြပြီး နည်းဗျူဟာမြောက်ရဲတပ်ဖွဲ့နဲ့ စစ်တပ်တပ်ဖွဲ့တွေကို ဖြန့်ကျက်ထားပါတယ်။ ရဲတပ်ဖွဲ့က ပြန်ပေးဆွဲခံရတဲ့ ကျောင်းသားတွေကို ကယ်တင်ဖို့ သစ်တောတွေအတွင်း ရှာဖွေနေတယ်လို့လည်း သိရပါတယ်။

စိန့်မေရီကျောင်းတိုက်ခိုက်မှုအတွက် ဘယ်အဖွဲ့ကမှ သူတို့ပြုလုပ်တာလို့ မပြောကြားသေးပါဘူး။ ဒေသတွင်းမှာ ဓားပြတွေလို့ လူသိများတဲ့ ဂိုဏ်းတွေကတော့ လုံခြုံရေးအဆင့်နိမ့်ကျတဲ့ ကျောင်းတွေကို မကြာခဏ ပစ်မှတ်ထား တိုက်ခိုက်လေ့ရှိကြပါတယ်။ ဒီဂိုဏ်းတွေက များသောအားဖြင့် အယူဝါဒအရ လှုံ့ဆော်မှုမရှိဘဲ ဘိုကိုဟာရမ်လို အစ္စလာမ္မစ်သူပုန်တွေအသုံးပြုတဲ့ နည်းလမ်းတွေကို အသုံးပြုကြပါတယ်။
အမေရိကန်သမ္မတ ထရမ့်ပ်က ခရစ်ယာန်ထောင်ပေါင်းများစွာ သတ်ဖြတ်ခံရတယ်လို့ သက်သေ အထောက်အထားမပြဘဲ ပြောကြားပြီးနောက် နိုင်ဂျီးရီးယားကို စစ်ရေးအရ အရေးယူမယ်လို့ ခြိမ်းခြောက်မှုတွေကြောင့် နိုင်ဂျီးရီးယားရဲ့ လုံခြုံရေးအခြေအနေအပေါ် အာရုံစိုက်မှု ပိုမိုမြင့်တက်လာခဲ့ကြတာပါ။
မွတ်စလင်နဲ့ ခရစ်ယာန်တွေအကြား နှစ်ပိုင်းကွဲပြားနေတဲ့ နိုင်ဂျီးရီးယားနိုင်ငံအတွင်း ဘာသာရေး နှိပ်စက်ညှဉ်းပန်းမှုတွေရှိတယ်ဆိုတဲ့ စွပ်စွဲချက်ကို နိုင်ဂျီးရီးယားအစိုးရကတော့ ငြင်းဆိုခဲ့ပါတယ်။
Ref- DW News
