၂၀. ၁၁. ၂၀၂၅
Written by Nyein Kyaw
ရွေးကောက်ပွဲကာလ နီးကပ်လာသည်နှင့်အမျှ နိုင်ငံတည်ငြိမ်အေးချမ်းမှုရှိရန်သည် အဓိကကျသဖြင့် ပြည်သူများအနေဖြင့် ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရန်အတွက် အနာဂတ်ကိုမျှော်တွေးကာ အမျိုးသားရေးတာဝန်အဖြစ် ပါဝင်ကူညီပေးကြရန် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။
ယနေ့ နံနက်ပိုင်းတွင် ကျင်းပသည့် ၂၀၂၄ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ဆုချီးမြှင့်ပွဲ အခမ်းအနား၌ ယာယီသမ္မက မိန်းခွန်းပြောကြားချိန် အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။


ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်တွင် စတင်ကျင်းပမည်ဖြစ်ပြီး လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ ကျင်းပနိုင်ရေး ပြင်ဆင်ဆောင်ရွက်နေမှုများ တစ်ဆင့်ပြီးတစ်ဆင့် ဆောင်ရွက်နေခြင်းကို အားလုံးအသိပင်ဖြစ်ကြာင်း ယာယီသမ္မတက ပြောကြားသည်။
ဆန္ဒမဲပေးခွင့်ရှိသူများအားလုံး ဆန္ဒမဲပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိသလို ရွေးကောက်ပွဲကိုလည်း အပိုင်းလိုက် တစ်ဆက်တည်း ကျင်းပသွားမည်ဖြစ်ကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် ရွေးကောက်ပွဲ မပြုလုပ်နိုင်သည့် မြို့နယ်များကိုလည်း ကျင်းပနိုင်သည့်အခြေအနေတွင် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယာယီသမ္မတက ပြောကြားသည်။
“ဒီလိုရွေးကောက်ပွဲကာလ နီးကပ်လာတာနဲ့အမျှ နိုင်ငံတည်ငြိမ်အေးချမ်းမှုရှိဖို့ကလည်း အဓိကကျပါတယ်။ နိုင်ငံတော်အစိုးရက နိုင်ငံတော်တည်ငြိမ်ရေးနဲ့ ရွေးကောက်ပွဲများ စနစ်တကျ အောင်မြင်အောင် ကျင်းပနိုင်ရေး ကြိုးပမ်းဆောင်ရွက်နေကြတဲ့အချိန်မှာ ပြည်သူများအနေနဲ့လည်း တိုင်းပြည်ရဲ့ အလှည့်အပြောင်းဆိုရမယ့် ရွေးကောက်ပွဲများ အောင်မြင်စွာကျင်းပနိုင်ဖို့အတွက် အမျိုးသားရေးတာဝန်အဖြစ် ပါဝင်ကူညီပေးကြဖို့နဲ့ မိမိတို့နိုင်ငံသားအချင်းချင်း စည်းလုံးညီညွှတ်မှု၊ စိတ်ရှည်သည်းခံမှုနဲ့ ပိုမိုကောင်းမွန်တဲ့အနာဂတ်ကို မျှော်တွေးကြိုးပမ်းကြဖို့လည်း တိုက်တွန်းလိုပါတယ်” ဟု ယာယီသမ္မတက ပြောကြားသည်။
နိုင်ငံတော်၏ အမျိုးသားအကျိုးစီးပွားကို အလေးထားပြီး စစ်မှန်စည်းကမ်းပြည်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော်ဆောင်ရာတွင် ပြည်တွင်းငြိမ်းချမ်းရေး၊ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးရေးတို့နှင့်အတူ ရွေးကောက်ပွဲလုပ်ငန်းစဉ်များ အောင်မြင်စေရန် ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုသည် အလွန်အရေးကြီးကြောင်း ယာယီသမ္မတက တိုက်တွန်း ပြောကြားသည်။
“စာပေပညာရှင်များနဲ့ ဧည့်သည်တော်ကြီးများခင်ဗျာ… နိုင်ငံတော်ရဲ့ အမျိုးအသားအကျိုးစီးပွားကို အလေးထားပြီး စစ်မှန်စည်းကမ်းပြည့်ဝတဲ့ ပါတီစုံဒီမိုကရေစီစနစ်ကို အကောင်အထည် ဖော်ဆောင်ရာမှာ ပြည်ထောင်စုကြီး အဘက်ဘက်က ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး၊ ပြည်သူတို့ရဲ့ လူမှုစီးပွားဘဝ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး စတာတွေနဲ့အတူ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ လုပ်ငန်းစဉ်တွေ အောင်မြင်စေဖို့အတွက် ပြည်သူလူထုရဲ့ ပူးပေါင်းပါဝင်မှုဟာ အလွန်အရေးကြီးပါတယ်” ဟု ယာယီသမ္မတက ဆက်လက် ပြောကြားသည်။
