၂၀.၁၁.၂၀၂၅
Translated by Htwe Ko Tun
တောင်ကိုရီးယားနိုင်ငံ၊ အနောက်တောင်ဘက်ကမ်းရိုးတန်း၌ သောင်တင်လျက်ရှိသော Queen Jenuvia II ကူးတို့သင်္ဘောပေါ်ရှိ ခရီးသည် ၂၆၇ ဦးလုံးကို ဘေးအန္တရာယ်ကင်းစွာ ကယ်တင်နိုင်ခဲ့ပြီးနောက် ခရီးသည်တင် ကူးတို့သင်္ဘောတစ်စင်းသည် နိုဝင်ဘာလ ၂၀ ရက်တွင် ဆိပ်ကမ်းသို့ ပြန်လည်ရောက်ရှိလာခဲ့ကြောင်း ကမ်းခြေစောင့်တပ်ဖွဲ့က ပြောကြားခဲ့သည်။
အလေးချိန် ၂၆,၅၄၆ တန်ရှိသော Queen Jenuvia II သင်္ဘောပေါ်တွင် ခရီးသည် ၂၄၆ ဦးနှင့် သင်္ဘောသား ၂၁ ဦး လိုက်ပါလာပြီး ဆိုးလ်မြို့တောင်ဘက် ၃၆၆ ကီလိုမီတာအကွာ ဆီနန်ကမ်းရိုးတန်းရှိ ဂျန်ဆန်ကျွန်းအနီးမှ ဂျော့ခ်အမည်ရှိ လူသူမနေသော ကျွန်းငယ်လေးတွင် နိုဝင်ဘာလ ၁၉ ရက် ည ၈း၁၇ နာရီက သောင်တင်နေခဲ့ခြင်းဖြစ်သည်။

ခရီးသည်အားလုံးကိုကယ်တင်၍ သုံးနာရီခန့်အတွင်း ကမ်းခြေသို့ ပို့ဆောင်နိုင်ခဲ့သော်လည်း သင်္ဘောသားများသည် သင်္ဘောကို ဆိပ်ကမ်းသို့ ပြန်လည်သယ်ဆောင်ရာတွင် ကူညီရန် ကျွန်း၌ ကျန်ရစ်ခဲ့ကြသည်။
သင်္ဘောကို ဆွဲယူခြင်းဖြင့် ရေထဲသို့ ပြုတ်ကျစေခဲ့ပြီးနောက် မတော်တဆ သောင်တင်မှုဖြစ်ပွားပြီး ကိုးနာရီခန့်အကြာ နံနက် ၅း၄၄ နာရီတွင် အနီးရှိ အနောက်တောင်ကမ်းရိုးတန်း မော့ပိုမြို့ ဆိပ်ကမ်းသို့ ပြန်လည်ခုတ်မောင်းနိုင်ခဲ့သည်။ သင်္ဘောတွင် အပေါက် သို့မဟုတ် ယိုစိမ့်မှုတစ်စုံတစ်ရာ မတွေ့ရှိခဲ့သောကြောင့် သင်္ဘောအနေဖြင့် အခြားအကူအညီမလိုဘဲ ၎င်းကိုယ်တိုင်ပင် ဆိပ်ကမ်းသို့ မောင်းနှင်သွားနိုင်ခဲ့ကြောင်း သိရသည်။
ကမ်းခြေစောင့်တပ်ဖွဲ့က မတော်တဆသောင်တင်မှုမှာ ရေယာဉ်မှူး သို့မဟုတ် ရေကြောင်းပြသူ၏ အမှားကြောင့် ဖြစ်ပွားခဲ့သည်ဟု ယူဆကြောင်း ပြောခဲ့ပြီး စောင့်ကြည့်ကင်မရာမှတ်တမ်းများနှင့် အချက်အလက်မှတ်တမ်းတင်ကိရိယာများကိုအသုံးပြု၍ စုံစမ်းစစ်ဆေးမှုပြုလုပ်ရန် စီစဉ်ထားကြောင်း သိရသည်။
သင်္ဘောသောင်တင်မှုကြောင့် ခရီးသည်များထဲမှ တစ်ဦးတစ်ယောက်မျှ ပြင်းထန်စွာ ဒဏ်ရာရရှိခြင်း မရှိသော်လည်း အချို့မှာ အနည်းငယ်နာကျင်ကိုက်ခဲမှုများ သို့မဟုတ် အာရုံကြောချို့ယွင်းမှုများကြောင့် ဆေးရုံများသို့ ပို့ဆောင်ခဲ့ရသည်။
ကူးတို့သင်္ဘောအော်ပရေတာဖြစ်သည့် Seaworld က စုံစမ်းစစ်ဆေးမှုနှင့် ဘေးကင်းရေးစစ်ဆေးမှုများ ပြီးဆုံးသည်အထိ ဝန်ဆောင်မှုအားလုံးကို ရပ်ဆိုင်းထားကြောင်း ပြောကြားခဲ့သည်။
ကူးတို့သင်္ဘောဆိပ်ကမ်းသို့ရောက်ရှိပြီးနောက်တွင် ခရီးသည်များအား ၎င်းတို့၏ကားများနှင့် ခရီးဆောင်အိတ်များကို သင်္ဘောပေါ်မှ ချရန် အကြောင်းကြားခဲ့သည်။ နိုင်ငံတောင်ပိုင်းဂျယ်ဂျူးကျွန်းမှ မော့ပိုမြို့ သို့ ထွက်ခွာလာသည့် အဆိုပါသင်္ဘောပေါ်တွင် စုစုပေါင်း မော်တော်ယာဉ် ၁၁၈ စီး သယ်ဆောင်လာကြောင်း သိရသည်။
Ref- Yonhap News
