၂၀. ၁၁. ၂၀၂၅
Translated by Thettant
ထိုင်းနိုင်ငံအလယ်ပိုင်း၊ အန်ထောင်းပြည်နယ်၊ အန်ထောင်းမြို့ရဲစခန်းမှ ရဲအရာရှိများသည် ညဉ့်သန်းခေါင်ယံတွင် ထိုင်းကျောင်းသူများ နေထိုင်ရာ အဆောင်အတွင်းသို့ ကျူးကျော်ဝင်ရောက်၍ အသက် ၁၉ နှစ်အရွယ် အမျိုးသမီးကျောင်းသူတစ်ဦးအား လိင်ပိုင်းဆိုင်ရာ ကျူးလွန်ကာ မုဒိမ်းကျင့်ရန် ကြိုးပမ်းခြင်းနှင့် မိုဘိုင်းလ်ဖုန်းကို ခိုးယူထွက်ပြေးခဲ့သည့် အသက် ၂၈ နှစ်အရွယ် မြန်မာနိုင်ငံမှ လာရောက်သည်ဆိုသော ရိုတီရောင်းချသူအား ထိန်းသိမ်းခဲ့သည်ဟု သိရသည်။
အဆိုပါ ကျောင်းသူအဆောင်အတွင်း ကျူးကျော်ဝင်ရောက်ကာ မုဒိမ်းကျင့်ခိုးယူမှုဖြစ်စဥ်သည် နိုဝင်ဘာ ၁၉ ရက် ည ၁၁ နာရီခွဲခန့်က ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ အခန်းထဲတွင် အိပ်စက်အနားယူနေသည့် အမျိုးသမီးကျောင်းသူက အခန်းအတွင်း ပုံမှန်မဟုတ်သည့် အသံကို ကြားခဲ့ရသည်။ သူမ သတိဝင်လာသောအခါ အခန်းထဲတွင် သူစိမ်းအမျိုးသားတစ်ဦး ရပ်နေသည်ကို တွေ့ရှိခဲ့ရသည်။ ထိုအချိန် တရားခံသည် သူမကို ခုန်အုပ်ကာ အဓမ္မပြုကျင့်ရန် ကြိုးပမ်းမှုအဖြစ် ပါးစပ်ကို ပိတ်ပြီး သူမကို ဖက်တွယ်ခဲ့သည်။ ထို့အတွက် ကျောင်းသူသည် အပြင်းအထန် ရုန်းကန်ခဲ့ပြီး တရားခံ၏ဝမ်းဗိုက်ကို ခြေထောက်ဖြင့် ပြန်ကန်ထုတ်ခဲ့ရာ တရားခံက ပြန်လည်ထွက်ပြေး ဆုတ်ခွာသွားခဲ့သည်။ ထွက်ပြေးစဉ် တရားခံက “အခန်းမှားဝင်မိသည်” ဟု အကြောင်းပြပြောဆိုခဲ့ပြီး သူမ၏ iPhone 11 ဖုန်းတစ်လုံးကို ယူဆောင်၍ အလျင်အမြန် ထွက်ပြေးတိမ်းရှောင်သွားခဲ့သည်။
အန်ထောင်းမြို့နယ် ရဲစခန်းမှ ရဲမှူးကြီး Somporn Phonpratum သည် တပ်ဖွဲ့ဝင်များနှင့်အတူ လိုက်လံစုံစမ်းခဲ့ရာ မသင်္ကာသူကို အန်ထောင်းမြို့နယ်အတွင်း၌ပင် ဖမ်းဆီးရမိခဲ့သည်။
ကနဦး စစ်ဆေးမေးမြန်းချက်များအရ ဖမ်းဆီးခံရသူက အရက်နှင့် ဝိုင်သောက်ထားပြီး မူးယစ်နေကြောင်း၊ ထို့အပြင် ယခင်က စိတ်ကြွဆေး (ယာဘ) ကိုလည်း သုံးစွဲထားကြောင်း၊ သူသိသူတစ်ဦးကို သွားရှာရာမှ အခန်းမှားဝင်မိသည်ဟု အကြောင်းပြခဲ့ပြီး ဖြစ်ပျက်ခဲ့သည့် အခြေအနေများကို သေချာမမှတ်မိကြောင်း ထွက်ဆိုခဲ့သည်။
ရဲတပ်ဖွဲ့က တရားခံအား အဓမ္မပြုကျင့်ရန် ကြံစည်မှု၊ ညဉ့်အချိန် ကျူးကျော်ဝင်ရောက်မှု၊ လုယက်မှုနှင့် မူးယစ်ဆေးဝါး သုံးစွဲမှု စသည့် စွဲချက်များဖြင့် အမှုဖွင့်ပြီး ဝန်ခံချက်များအရ ပြန်လည်သရုပ်ပြစေကာ ဥပဒေအရ ဆက်လက်အရေးယူနိုင်ရန် စစ်ဆေးရေးမှူးထံသို့ လွှဲပြောင်းပေးပို့လိုက်ကြောင်း သိရသည်။
ထိုင်းနိုင်ငံတွင် မြန်မာနိုင်ငံမှ လာရောက်သည်ဆိုသော ရိုတီ (ချပါတီ) ရောင်းချသူများကို ပြစ်မှုကျူးလွန်ချိန်တွင် မြန်မာ နိုင်ငံသားများဟု သုံးနှုန်းလေ့ရှိသည်။ သို့သော် အများအားဖြင့်မူ မြန်မာတို့၏ ရိုးရာအစားအစာမဟုတ်သော ရိုတီ (ချပါတီ) သည် အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်တို့မှ သက်ဆင်းလာပြီး ထိုင်းနိုင်ငံတွင် ရိုတီရောင်းသူအားလုံးလိုလိုမှာလည်း မြန်မာတို့က ဘင်္ဂါလီ ဟု ခေါ်ဝေါ်သော တိုင်းရင်းသားမဟုတ်သူများ သို့မဟုတ် ဘင်္ဂလားဒေ့ရှ် နယ်စပ်မှ ခိုးဝင်လာသည့် လှေစီးဒုက္ခသည်များသာ ဖြစ်သည်။
Ref : Ch7 News
