၁၉.၁၁.၂၀၂၅
Translated by Htwe Ko Tun

ဂျပန်နိုင်ငံအနောက်တောင်ပိုင်း ကျူရှုးကျွန်းပေါ်က အိုအီတာမြို့က လူနေထူထပ်တဲ့ ရပ်ကွက်တစ်ခုမှာ နိုဝင်ဘာလ ၁၈ ရက်က ညလုံးပေါက် မီးလောင်မှုကြီးတစ်ခု ဖြစ်ပွားခဲ့တာမှာ အဆောက်အအုံ ၁၇၀ ကျော် ပျက်စီးခဲ့ပြီး လူတစ်ဦး သေဆုံးခဲ့ရတယ်လို့ ဒေသဆိုင်ရာ အာဏာပိုင်များက နိုဝင်ဘာလ ၁၉ ရက်မှာ ပြောကြားခဲ့ကြပါတယ်။
နိုဝင်ဘာလ ၁၈ ရက်၊ ညနေ ၅:၄၅ နာရီခန့်မှာ မြို့ရဲ့ ဆာဂါနိုဆီကီ ဆိပ်ကမ်းခရိုင်မှာ မီးလောင်မှုကို ရဲတပ်ဖွဲ့ထံ အကြောင်းကြားပြီးနောက် မီးသတ်တပ်ဖွဲ့ဝင်တွေက ၁၂ နာရီကျော်ကြာအောင် မီးငြှိမ်းသတ်ခဲ့ကြရပါတယ်။ အာဏာပိုင်တွေက မီးလောင်မှုဖြစ်လို့ လူ ၁၈၀ အထိ ဘေးလွတ်ရာကို ရွှေ့ပြောင်းပေးခဲ့ရတယ်လို့ ပြောခဲ့ရပါတယ်။

မီးလောင်မှုဖြစ်ပွားရာနေရာမှာ လူတစ်ဦး သေဆုံးခဲ့ရတယ်လို့ ရဲတပ်ဖွဲ့က နိုဝင်ဘာလ ၁၉ ရက်မှာ အတည်ပြုခဲ့ပြီး ပျောက်ဆုံးနေဆဲဖြစ်တဲ့ အသက် ၇၆ နှစ်အရွယ် အမျိုးသားတစ်ဦးကိုလည်း မည်သူမည်ဝါပြောကြားနိုင်ဖို့ ကြိုးစားနေတယ်လို့ ပြောခဲ့ပါတယ်။
အိုအီတာ စီရင်စုအစိုးရက စတုရန်းမီတာ ၄၈,၉၀၀ ခန့် လောင်ကျွမ်းပြီး သစ်တောဧရိယာကိုပါ ပျံ့နှံ့သွားခဲ့တဲ့ မီးလောင်ကျွမ်းမှုကို တုံ့ပြန်ဖို့ ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့တွေကို အမိန့်ပေးခဲ့ပါတယ်။ အိုအီတာ မြို့တော်ဝန် ရှင်ယာ အာဒါချီက မီးကြောင့် နောက်ထပ် ပျက်စီးဆုံးရှုံးမှုတွေ မဖြစ်ပွားဖို့ မျှော်လင့်တယ်လို့လည်း သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

ဝန်ကြီးချုပ် Sanae Takaichi လူမှုမီဒီယာပလက်ဖောင်း X မှာ ဗဟိုအစိုးရအနေနဲ့ ဒေသဆိုင်ရာအစိုးရတွေနဲ့ ပူးပေါင်းပြီး အများဆုံးပံ့ပိုးမှု ပေးမယ်လို့ ကတိပြုခဲ့ပါတယ်။
Kyushu Electric Power Transmission and Distribution Co. ရဲ့ အဆိုအရ မီးလောင်မှုမှာ အိမ်ခြေ ၃၅၀ အထိ လျှပ်စစ်ဓာတ်အား ပြတ်တောက်ခဲ့ပါတယ်။
အိုအီတာဟာ တောင်ပိုင်း ကျူရှူးကျွန်းပေါ် တည်ရှိပြီူ မြို့တော်တိုကျိုမှ ၇၇၀ ကီလိုမီတာ (၄၇၈ မိုင်) ခန့်အကွာမှာ တည်ရှိပြီး တောင်ကုန်းထူထပ်တဲ့ ကမ်းရိုးတန်းမြို့ဖြစ်သလို အရည်အသွေးမြင့် မက်ကရယ်ငါးတွေ ထုတ်လုပ်တဲ့ ငါးဖမ်းဆိပ်ကမ်းကြောင့် လူသိများပါတယ်။
Ref : Kyodo News
