နေမိုး
၁၉. ၁၁. ၂၀၂၅
လက်နက်ကိုင်အကြမ်းဖက်အဖွဲ့များသည် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့၊ ရွာများအတွင်း တိုက်ပွဲများဖော်ဆောင်ခြင်း၊ လက်နက်ကြီးများဖြင့် အဝေးမှပစ်ခတ်ခြင်း၊ Drone ဖြင့် Drop Bomb များ ပစ်ချတိုက်ခိုက်ခြင်း၊ လက်လုပ်ဗုံး၊ လက်လုပ်မိုင်းများဖြင့် မိုင်းထောင်ဖောက်ခွဲ တိုက်ခိုက်ခြင်းများအား လုပ်ဆောင်လျက်ရှိသည့်အပြင် နိုင်ငံ့ဝန်ထမ်းများနှင့် ဝန်ထမ်းမိသား စုဝင်များကို ပစ်မှတ်ထားဖမ်းဆီး၍ ခြိမ်းခြောက်ငွေတောင်းခံခြင်း၊ သတ်ဖြတ်ခြင်းများစသော လူသားချင်း မစာနာသည့် လူမဆန်သော အကြမ်းဖက်မှုများနှင့် ရာဇဝတ်မှုများအား ကျူးလွန်လုပ်ဆောင်လျက် ရှိရာ ယခုလည်း ပခုက္ကူနည်းပညာတက္ကသိုလ်၏ တာဝန်ခံကျောင်းအုပ်ကြီးမိသားစုဝင်သုံးဦးနှင့် ဆရာတစ်ဦးကို ရေစကြို PDF များ ဖမ်းဆီးသွားကြသည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက ယခုည သတင်းထုတ်ပြန်သည်။
ကျူးလွန်မှုဖြစ်စဥ်မှာ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၁၈ ရက် နံနက် ၁၁ နာရီ ၃၀ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၊ ပခုက္ကူနည်းပညာတက္ကသိုလ်ဝင်းနေ ပခုက္ကူနည်းပညာ တက္ကသိုလ်တာဝန်ခံ ကျောင်းအုပ်ကြီး ဒေါက်တာ မြမြမွှေး(၄၅)နှစ်သည် ၎င်း၏ ခင်ပွန်းဖြစ်သူ ဦးသက်ကိုမောင်(၄၅)နှစ်၊ တက္ကသိုလ်အမှုတွဲထိန်း ဦးသန်းလွင်(၅၆)နှစ်နှင့် ၎င်း၏တူဖြစ်သူ ကိုမင်းကိုချစ်(၂၀)နှစ်တို့နှင့်အတူ ပခုက္ကူခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီရုံးတွင် အစည်းအဝေးတက်ရောက်ခဲ့ပြီး ပခုက္ကူမြို့မှ ရေစကြိုမြို့သို့ မော်တော်ယာဉ် နှစ်စီးဖြင့် ပြန်လည် ထွက်ခွာလာစဉ် ရေစကြိုမြို့နယ်၊ ကျောက်လှေခါးကျေးရွာရှိ သစ်စက်ရုံအနီးအရောက်၌ အသင့် စောင့်ဆိုင်းနေသည့် PDF အင်အား(စိစစ်ဆဲ)က တားဆီးကာ မော်တော်ယာဉ်များနှင့်အတူ အကြမ်းဖက်ခြိမ်းခြောက်၍ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်မှ နိုင်ငံ့ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များအား ပစ်မှတ်ထား ဖမ်းဆီး၍ ခြိမ်းခြောက်ငွေတောင်းခံခြင်း၊ သတ်ဖြတ်ခြင်းများစသော လူသားချင်း မစာနာသည့် လူမဆန်သော ရာဇဝတ်မှုများအား ကျူးလွန်လုပ်ဆောင်လျက်ရှိသည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ရေးနှင့် ဖမ်းဆီးခံထားရသူများအား ပြန်လည်ကယ်တင်နိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။
MT News ၏ မြေပြင်စုံစမ်းမှုသတင်းများအရ အဆိုပါ နေရာတစ်ဝိုက်တွင် သတ်ဖြတ်လုယက်မှုများ အဓိက ကျူးလွန်နေသော အဖွဲ့မှာ Southern YSO PDF အဖွဲ့ဖြစ်ပြီး ထိုအဖွဲ့သည် ထိုနေရာတစ်ဝိုက်တွင် လုံခြုံရေးတပ်ဖွဲ့ဝင် ဆယ်ဦးအထက် သတ်ဖြတ်ထားခြင်း၊ စူပါကော်ဖီမစ်ယာဥ်ကို ပစ်ခတ်သတ်ဖြတ်ခြင်းအပါအဝင် ဆီကား၊ သစ်ကား၊ ကုန်ကားများ ပြန်ပေးဆွဲခြင်းကိုလည်း ကျူးလွန်ထားကာ ယင်းအဖွဲ့တွင် Southern YSO PDF က ဦးဆောင်ကာ Yesagyo Revolutin Group(YRG)၊ ဒေါင်းညီနောင် PKU PDF၊ ပြည်သူ့အားမာန် PDF၊ King Cobra၊ ဒေါင်းစစ်သည် PDF တို့နှင့် ဒေါင်းသွေးနီ PDF တို့က Southern Yesagyo Local တပ်ပေါင်းစုအဖြစ် ဖွဲ့စည်းထားသည်။ သို့သော် Southern YSO PDF အဖွဲ့ကမူ ယခုကျူးလွန်မှုကို ဝန်ခံထားခြင်း မရှိသေးသလိုအခြား ရေစကြို PDF များကလည်း ကျူးလွန်မိကြောင်း ဝန်ခံလာခြင်း မရှိသေးချေ။
