◾️ မြန်မာနိုင်ငံနှင့် နိုင်ငံသားအားလုံး၏ ဂုဏ်သိက္ခာနှင့်သက်ဆိုင်၍ ပြိုင်ပွဲတိုင်းအနိုင်ရရှိရေး အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် နှလုံးသွင်းထားကြရန်ပါ ပြောကြား
၁၉. ၁၁. ၂၀၂၅
Written by Nyein Kyaw
အရှေ့တောင်အာရှအားကစားပြိုင်ပွဲ သွားရောက်ယှဉ်ပြိုင်မည့် မြန်မာအားကစားအဖွဲ့အနေဖြင့် ယခင်နှစ်များထက် ဆုတံဆိပ်ပိုမိုရရှိအောင် စွမ်းဆောင်ပေးကြရန် မြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတာ်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့ ကျင်းပသည့် (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာအားကစားအဖွဲ့အား အောင်နိုင်ရေးအလံအပ်နှင်းပွဲ အခမ်းအနားတွင် ပြောကြားသည်။
ပြီးခဲ့သည့် (၃၂) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် မြန်မာအသင်းသည် အားကစားနည်း ၁၉ နည်း ဝင်ရောက်ယှဉ်ပြိုင်ရာမှ ရွှေတံဆိပ် ၂၁ ဆု၊ ငွေတံဆိပ် ၂၅ ဆု၊ ကြေးတံဆိပ် ၆၈ ဆု စုစုပေါင်း ၁၁၄ ဆု ရရှိခဲ့သည်ကို နိုင်ငံတော်က ဆုကြေးငွေ စုစုပေါင်းငွေကျပ် ၃၃၃,၃၀၀,၀၀၀ တိတိချီးမြှင့်ခဲ့ကြောင်း ယာယီသမ္မတက ပြောကြားသည်။
ယခု (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို သွားရောက်ယှဉ်ပြိုင်မည့် မြန်မာအားကစားအဖွဲ့အနေဖြင့် ယခင်ပါဝင်ယှဉ်ပြိုင်ခဲ့သည့် အကြိမ်များထက် ဆုတံဆိပ်ပိုမိုရရှိအောင် စွမ်းဆောင်ပေးကြရန် မှာကြားချင်ကြောင်း၊ သို့မှသာ မြန်မာအားကစားအဖွဲ့၏ အောင်မြင်မှုသမိုင်းကို တိုးတက်မှုနှင့် မှတ်တမ်းတင်သွားနိုင်ကြမည် ဖြစ်သကဲ့သို့ နိုင်ငံ့ဂုဏ်ကိုလည်း မြှင့်တင်ပေးရာ ရောက်မည်ဖြစ်ကြောင်း ယာယီသမ္မတက ပြောကြားသည်။





အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသည် အာဆီယံဒေသတွင်း၌ အမြင့်မားဆုံး အားကစားပြိုင်ပွဲတစ်ခုဖြစ်သည့်အတွက် ယခုပြိုင်ပွဲမှတစ်ဆင့် အာရှနှင့်ကမ္ဘာ့အိုလံပစ်ပြိုင်ပွဲများအထိ ဆက်လက်ပြီး ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး မျှော်မှန်းကြိုးပမ်းသွားကြစေလိုကြောင်း ယာယီသမ္မတက ပြောကြားသည်။
အမိမြန်မာနိုင်ငံတော်နှင့် မြန်မာနိုင်ငံသားအားလုံး၏ ဂုဏ်သိက္ခာနှင့် သက်ဆိုင်၍လည်း ပြိုင်ပွဲတိုင်းအနိုင်ရရှိရေးသည် အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် မြန်မာအားကစားအဖွဲ့ဝင် အားလုံး၏ ပခုံးထက်တွင် ရှိနေသည်ကိုလည်း သတိပြုနှလုံးသွင်းထားကြရမည် ဖြစ်ကြောင်း ယာယီသမ္မတက မှာကြားသည်။
ထို့နောက် ယာယီသမ္မတက အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်ထံ (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အောင်နိုင်ရေးအလံအဖြစ် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံကို အပ်နှင်းခဲ့သည်။
