၁၇. ၁၁. ၂၀၂၅
Written by Nyein Kyaw
ဗဟိုဘဏ်မှ တရားဝင်ခွင့်မပြုထားသော Crypto Assets များ ရောင်းဝယ်၊ လွှဲပြောင်း၊ သိုလှောင်၊ သိမ်းဆည်းခြင်းများ မပြုလုပ်ရေးနှင့် ဘဏ်များမှတစ်ဆင့် တရားဝင်ငွေကြေးများ လွှဲပြောင်းခြင်းကိုသာ အသုံးပြုသင့်ကြောင်း ယမန်နေ့တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ အသိပေးထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဒစ်ဂျစ်တယ်ငွေကြေးများ (ခရစ်ပ်တိုငွေကြေးအပါအဝင်)ကို Online (သို့) ကိုယ်တိုင်ရောင်းဝယ်ခြင်းကို ခွင့်ပြုထားခြင်းမရှိပါကြောင်း ၂၀၁၉ ခုနှစ် မေလ ၃ ရက်နေ့ သတင်းစာများတွင် ထုတ်ပြန်ကြေညာထားခဲ့ပြီးဖြစ်သည်။
ထို့ပြင် ဒစ်ဂျစ်တယ်ငွေကြေးများ (ခရစ်ပ်တိုငွေကြေး အပါအဝင်)ကို တရားဝင်ငွေကြေးအဖြစ် သတ်မှတ်ထားခြင်း မရှိသကဲ့သို့ ယင်းကို ရောင်းဝယ်လဲလှယ်ခြင်းများအတွက် ငွေရေးကြေးရေးအဖွဲ့အစည်းများသို့ ခွင့်ပြုထားခြင်းမရှိပါကြောင်း အမိန့်ကြော်ငြာစာကိုလည်း ၂၀၂၀ ပြည့်နှစ်၊ မေလ ၁၅ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
တန်ဖိုးအတက်အကျများမှုအပေါ် အခြေခံ၍ အကျိုးအမြတ်များ ပိုမိုရရှိရန် မျှော်လင့်၍ ယင်း Crypto Assets များအပေါ် ရင်းနှီးမြှပ်နှံမှုပြုလုပ်သူများ များပြားလာသည့်နည်းတူ မူးယစ်ဆေးဝါး၊ လက်နက်မှောင်ခို၊ လူကုန်ကူး၊ ကျားဖြန့်၊ AML/CFT အစရှိသည့် တရားမဝင်ဒုစရိုက်လုပ်ငန်းများကလည်း ဘဏ်စာရင်းများအား အသုံးပြုရန် မလိုခြင်း၊ အခွန်တိမ်းရှောင်နိုင်ခြင်း စသည်တို့ကြောင့် ၎င်းတို့၏ ပိုင်ဆိုင်မှုများကို Crypto Assets များအဖြစ် သိမ်းဆည်းခြင်းများ ရှိလာခဲ့သည်။
Crypto Currency ဈေးကွက်သည် ဈေးနှုန်းအလွန်အမင်းအတက်/အကျ မြန်ဆန်ခြင်းကြောင့် ရင်းနှီးမြှပ်နှံသူများအတွက် ငွေကြေးဆုံးရှုံးနိုင်မှုများ ဖြစ်ပွားနိုင်ခြင်းအပြင် စည်းမျဉ်းများကြီးကြပ်ထိန်းကျောင်းမှု နည်းခြင်း၊ Online Security ကျိုးပေါက်မှုများဖြစ်ပေါ်နိုင်ခြင်း၊ Hacking ခံရနိုင် ခြင်းများကြောင့် မိမိပိုင်ငွေကြေးများကိုလည်း ဆုံးရှုံးစေနိုင်သည်။
သို့ဖြစ်ပါ၍ ပြည်သူလူထုအနေဖြင့် CBM မှ တရားဝင်ခွင့်မပြုထားသော Crypto Assets များ ရောင်းဝယ်ခြင်း၊ လွှဲပြောင်းခြင်း၊ သိုလှောင်၊ သိမ်းဆည်းခြင်းများ မပြုလုပ်ရေးနှင့် ဘဏ်များမှတစ်ဆင့် တရားဝင်ငွေကြေးများ လွှဲပြောင်းခြင်းကိုသာ အသုံးပြုသင့်ကြောင်း အသိပေးထုတ်ပြန်ထားသည်။
