◾️ အကြမ်းဖက်သမားများ ဖျက်ဆီးမှုကြောင့် ပျက်စီးမှုများ ပြန်လည်တည်ဆောက်နေရ၍ အခြေခံအဆောက်အဦများအတွက် လုပ်ငန်းအကောင်အထည်ဖော်ရာတွင် နှောင့်နှေးနေရဟု ဆို
၁၇. ၁၁. ၂၀၂၅
Written by Nyein Kyaw
မော်လမြိုင်လေဆိပ်တိုးချဲ့ရေးနှင့် လေဆိပ်သို့ ပြည်တွင်းလေကြောင်းလိုင်းများ ထပ်မံတိုးချဲ့ပြေးဆွဲနိုင်ရေးအပြင် ရထားလမ်းများ အဆင့်မြှင့်တင်ခြင်းနှင့် ပြန်လည်ပြုပြင်ခြင်းများ ဆောင် ရွက်နေကြောင်း နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယမန်နေ့တွင် မွန်ပြည်နယ်ရှိ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများနှင့် တွေ့ဆုံစဉ် ပြောကြားသည်။

မော်လမြိုင်ကမ်းနားလမ်းတစ်လျှောက် ပြည်သူများ လွတ်လပ်စွာ အပန်းဖြေ အနားယူနိုင်ရေးအတွက် လူသွားလမ်းအား အဆင့်မြှင့်တင်ခြင်းနှင့် ကိုယ်လက်လှုပ်ရှား အားကစားပြုလုပ်နိုင်သည့် နေရာများကို တည်ဆောက်ပေးသွားမည်ဖြစ်ကြောင်း ယာယီသမ္မတက ပြောကြားသည်။
မော်လမြိုင်လေဆိပ်တိုးချဲ့နိုင်ရေးနှင့် ပြည်တွင်းလေကြောင်းလိုင်းများအနေဖြင့် မော်လမြိုင်လေဆိပ်သို့ ဆင်းသက်ပြေးဆွဲလျက်ရှိပြီး ထပ်မံတိုးချဲ့ပြေးဆွဲနိုင်ရေးအတွက်လည်း မိမိတို့အနေဖြင့် စီမံဆောင်ရွက်လျက်ရှိကြောင်း၊ အလားတူ မီးရထားပို့ဆောင်မှုကဏ္ဍ မြှင့်တင်နိုင်ရေးအတွက်လည်း ရထားလမ်းများအဆင့်မြှင့်တင်ခြင်းနှင့် ပြန်လည်ပြုပြင်ခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း ယာယီသမ္မတက ပြောကြားသည်။

သိုသော် အချို့သော အကြမ်းဖက်သမားများ၏ မိုင်းထောင်ဖောက်ခွဲမှုကြောင့် ကုန်စည်စီးဆင်းမှုကို အနှောင့်အယှက်ဖြစ်စေလျက်ရှိကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် အခြေခံအဆောက်အဦများ ဖြည့်ဆည်းတည်ဆောက်ပေးလျက်ရှိသော်လည်း အဖျက်သမား အချို့ကြောင့် တည်ဆောက်ပြီး လမ်း၊ တံတား၊ အဆောက်အဦများ ပျက်စီးခဲ့ရမှုများရှိကြောင်း ယာယီသမ္မတက ပြောကြားသည်။
၎င်းတို့ဖျက်ဆီးခဲ့မှုကြောင့် ပျက်စီးခဲ့ရသည်များကို ပြန်လည်တည်ဆောက် ရေးလုပ်ငန်းများဆောင်ရွက်နေရသဖြင့် လုပ်ငန်းများ ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်ရန် နှောင့်နှေးနေရကြောင်းလည်း ယာယီသမ္မတက ပြောကြားသည်။
