နေမိုး
၁၆. ၁၁. ၂၀၂၅
ယာခင်းအတွင်း အလုပ်လုပ်နေသည့် လက်နက်မဲ့ ရာအိမ်မှူးတစ်ဦးကို NUG ဩဇာခံ PDF ငါးဦးက ဒလန်ဟု စွပ်စွဲကာ ကြိုးတုပ်ဖမ်းဆီးသွားပြီးနောက် ရွာလယ်လမ်းပေါ် ပစ်သတ်လိုက်မှု ပျော်ဘွယ်မြို့နယ်တွင် ဖြစ်ပွားခဲ့သည်ဟု ယနေ့ သတင်းထုတ်ပြန်သည်။
ဖြစ်စဥ်မှာ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၁၅ ရက် နံနက် ၆ နာရီတွင် မန္တလေးတိုင်း ဒေသကြီး၊ ပျော်ဘွယ်မြို့နယ်၊ တောင်ကျောင်းကျေးရွာ၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသား တစ်ဦး သေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ အဆိုပါကျေးရွာနေ ရာအိမ်မှူး ဦးသောင်းဝင်း(၅၇)နှစ်သည် ကျေးရွာ အနောက်ဘက် တစ်မိုင်ခန့်အကွာရှိ ယာခင်းအတွင်း အလုပ်လုပ်ကိုင်နေစဉ် PDF ငါးဦးက ဆိုင်ကယ် ငါးစီးဖြင့် ရောက်ရှိလာပြီး “ဒလန်” ဟုပြောဆို၍ ဖမ်းဆီး ခေါ်ဆောင်ကာ တောင်ကျောင်းကျေးရွာရှိ ရွာလယ်လမ်းမပေါ်အရောက် သေနတ်ဖြင့် ပစ်ခတ် သတ်ဖြတ်သွားခဲ့သဖြင့် ဦးသောင်းဝင်းတွင် ကျည်ထိမှန် ဒဏ်ရာရရှိကာ သေဆုံးသွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
နွေဦးတော်လှန်ရေးစတင်ချိန်မှ ယခုနှစ် ဩဂုတ်လ ၁၄ ရက်နေ့အထိ အကြမ်းဖက်အဖွဲ့များ၏လုပ်ရပ်ကြောင့် သံဃာတော် အပါး ၁၀၀ ကျော်၊ ကျောင်းသားကျောင်းသူများအပါအဝင် ကလေးသူငယ် ၃၅၇ ဦး၊ အုပ်ချုပ်ရေးဝန်ထမ်း ၁,၂၅၃ ဦး၊ ဆရာ/ဆရာမ ၁၂၀ ဦးနှင့် ကျန်းမာရေးဝန်ထမ်း ၂၄ ဦး အပါအဝင် အပြစ်မဲ့ပြည်သူ ၉,၆၁၆ ဦးမှာ “ဒလန်၊ သူလျှို၊ သတင်းပေး၊ ပျူစောထီး၊ နစကယန္တရားလည်ပတ်အောင်ပြုလုပ်ပေးသူ” ဆိုသည့် စွပ်စွဲချက်များနှင့် NLD, CRPH, NUG, PDF, EAOs တို့၏ သတ်ဖြတ်မှုကို ခံထားရသည်။
