◾️ မဲရုံအတွင်းအထိ ဝင်ရောက်လေ့လာနိုင်ရန်အတွက် ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူ သက်သေခံကတ်ပြားများ ထုတ်ပေးသွားမည်
၁၆. ၁၁. ၂၀၂၅
Written by Nyein Kyaw
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအား စောင့်ကြည့်လေ့လာမည့် နိုင်ငံတကာမှ သံတမန်များ ပြည်ထဲရေးဝန်ကြီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတို့က လုံခြုံရေးအရ တားမြစ်ထားသည့် ဒေသများမှအပ ရွေးကောက်ပွဲ အပိုင်းသုံးပိုင်းလုံးတွင် လေ့လာနိုင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က ယနေ့တွင် ဖြေကြားထားသည်။
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် နိုင်ငံတကာမှ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများ လာရောက်ခြင်းအတွက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေဖြင့် အစီအစဉ် ၂ ရပ် ဆောင်ရွက်ထားကြောင်း သိရသည်။
ပထမအစီစဉ်တွင် အာဆီယံဒေသတွင်း နိုင်ငံများအပါအဝင် နိုင်ငံများနှင့်အဖွဲ့အစည်းများကို နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် ဖိတ်ကြားထားပြီးဖြစ်ကာ လာရောက်မည့် ပုဂ္ဂိုလ်များသည် ရွေးကောက်ပွဲကော်မရှင်၏ အစီအစဉ်ဖြင့် လွတ်လပ်စွာ ရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာကြမည်ဖြစ်သည်။
ဒုတိယအစီအစဉ်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံနှင့် သံတမန် အဆက်အသွယ်ပြုထားသည့် နိုင်ငံများမှ သံရုံးများနှင့် အဖွဲ့အစည်းများမှ သံတမန်များကိုလည်း ရွေးကောက်ပွဲတွင် စောင့်ကြည့်လေ့လာနိုင်ရန် နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် ဖိတ်ကြားထားပြီးဖြစ်ကြောင်း သိရသည်။
“သံတမန်များအနေနဲ့ကတော့ ပြည်ထဲရေးဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတို့က လုံခြုံရေးအရ တားမြစ်ထားတဲ့ ဒေသများမှအပ ရွေးကောက်ပွဲရဲ့ အပိုင်းသုံးပိုင်းလုံးမှာ လေ့လာနိုင်ပါတယ်” ဟု UEC က ဖြေကြားထားသည်။
အစီအစဉ် ၂ ရပ်လုံးတွင် ပါဝင်သည့် နိုင်ငံတကာရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများအနေဖြင့် မဲရုံအတွင်း ဝင်ရောက်လေ့လာနိုင်ရန်အတွက် ရွေးကောက်ပွဲကော်မရှင်က ၎င်းတို့အား ရွေးကောက်ပွဲသက်သေခံကတ်ပြားများ ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
“အစီအစဉ် ၂ ရပ်လုံးမှာ ပါဝင်တဲ့ နိုင်ငံတကာရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများအနေနဲ့ လျှို့ဝှက်ဆန္ဒမဲပေးခြင်းနှင့် မဲရုံအဖွဲ့၏ တာဝန်ဝတ္တရားများကို မထိခိုက်စေဘဲ မဲရုံအတွင်း ဝင်ရောက်လေ့လာနိုင်ဖို့အတွက် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူ သက်သေခံကတ်ပြားများ ထုတ်ပေးသွားမှာဖြစ်ပါတယ်” ဟု UEC က ဖြေကြားထားသည်။
လာရောက်လေ့လာကြမည့် အမည်စာရင်းများကိုလည်း သက်ဆိုင်ရာနိုင်ငံများက နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ပေးပို့လျက်ရှိကြောင်းနှင့် ရွေးကောက်ပွဲစောင့်ကြည့် လေ့လာသူများ လာရောက်မည့် အခြေအနေကိုလည်း ထုတ်ပြန်ပေးသွားမှာဖြစ်ကြောင်း ဖြေကြားထားသည်။
