



၁၆.၁၁.၂၀၂၅
Written By Thandar
လာမယ့် နိုဝင်ဘာ ၂၇ ရက်နေ့ကနေ ဒီဇင်ဘာ ၁ ရက်နေ့အထိ တရုတ်နိုင်ငံ ယူနန်မြို့မှာကျင်းပမယ့် နိုင်ငံပေါင်း ၆ နိုင်ငံပေါင်းဆုံမယ့် ” The LANCANG – MEKONG ” နိုင်ငံတကာရုပ်ရှင်ပွဲတော်မှာ မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့”သဘင်သည်မြနှင်းဆီ” ရုပ်ရှင်ဇာတ်ကားကြီးကို ပြသဖို့အတွက် ရွေးချယ်ခြင်းခံရတယ်လို့ဆိုပါတယ်။
“ကျွန်တော့်ရဲ့ ပထမဆုံးရုပ်ရှင်ဇာတ်ကားကြီးဖြစ်တဲ့ သဘင်သည်မြနှင်းဆီ” ရုပ်ရှင်ဇာတ်ကားကြီးက တရုတ်နိုင်ငံ ယူနန်မြို့မှာကျင်းပမယ့် နိုင်ငံပေါင်း ၆ နိုင်ငံပေါင်းဆုံမယ့် ” The LANCANG – MEKONG ” နိုင်ငံတကာရုပ်ရှင်ပွဲတော်မှာ မြန်မာနိုင်ငံကိုယ်စားပြုရုပ်ရှင်ဇာတ်ကားကြီးအနေနဲ့ ပြသဖို့အတွက် ရွေးချယ်ခြင်းခံရပါတယ်။ ဒီလို နိုင်ငံတကာရုပ်ရှင်ပွဲတော်တွေအထိ ပြသခွင့်ရခဲ့တာဟာ ” သဘင်သည်မြနှင်းဆီ “ကို စဉ်ဆက်မပြတ်အားပေးခဲ့ကြတဲ့ ချစ်ပရိသတ်များရဲ့ ချစ်ခြင်းမေတ္တာတွေကြောင့်လို့ မှတ်ယူပါတယ်”လို့ ဒါရိုက်တာ မင်းဆက်သစ်က ပြောပါတယ်။
အဆိုပါ ရုပ်ရှင်ပွဲတော်ကို ဒါရိုက်တာ မင်းဆက်သစ်နဲ့အတူ သရုပ်ဆောင်မေမီကိုကိုတို့က အတူတက်ရောက်မယ်လို့ သိရပါတယ်။ “သဘင်သည်မြနှင်းဆီ” ရုပ်ရှင်ဇာတ်ကားကို ဇာတ်လမ်း ကိုဆက်၊ ဇာတ်ညွှန်း အင်ကြင်းဟန်၊ ဒါရိုက်တာ မင်းဆက်က ၁၉၉၀ ဝန်းကျင်လောက်က မြန်မာနိုင်ငံမှာ ရိုးရာအကနဲ့ အချစ်အမုန်း အငြိုးအဃာတတွေနဲ့ အကောင်းဆုံး ပုံဖော်ပြီး ရိုက်ကူးထားတာလည်းဖြစ်ပါတယ်။
“ဒီရုပ်ရှင်ပွဲတော်ကြီးကို ကျွန်တော်တို့ မောင်နှမနှစ်ယောက်အတူတက်ရောက်ဖြစ်မယ်ဆိုပေမယ့် သဘင်သည်မြနှင်းဆီတစ်ဖွဲ့သားလုံးကိုယ်စား၊ ချစ်သောပရိသတ်များရဲ့ကိုယ်စား တက်ရောက်ဖြစ်တယ်လို့ မှတ်ယူပါတယ် “လို့ သူကဆက်ပြောပါတယ်။
