၁၆.၁၁.၂၀၂၅
Written by NYL





ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးသည် စစ်ကိုင်းတိုင်းဒေသကြီးတွင် ပြည်သူ့ပါတီမှဝင်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများအား ပြည်သူလူထုထံမိတ်ဆက်ခြင်းကို စစ်ကိုင်းမြို့တွင် နိုဝင်ဘာ ၁၆ ရက်က ပြုလုပ်ခဲ့သည်။
စစ်ကိုင်းတိုင်းဒေသကြီး ပြည်သူ့ပါတီ အောင်နိုင်ရေးနှင့် လူထုတွေ့ဆုံပွဲအခမ်းအနားသို့ ပြည်သူ့ပါတီ
ဥက္ကဋ္ဌဦးကိုကိုကြီးနှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ တက်ရောက်ခဲ့ပြီး ကိုယ်စားလှယ်လောင်းများကို
ပြည်သူလူထုထံ မိတ်ဆက်အပ်နှံခဲ့ခြင်းဖြစ်သည်။
ဦးစွာ ပြည်သူ့ပါတီ စစ်ကိုင်းတိုင်းဒေသကြီး ကိုယ်စားလှယ်လောင်းများ မဲဆွယ်ဆိုင်းဘုတ်များကို အမွှေးနံ့သာများဖြင့် ပက်ဖြန်း၍ဖွင့်လှစ်ပြီးနောက် ယင်းအခမ်းအနားကျင်းပရာ စစ်ကိုင်းမြို့နယ် မြို့တော်ခန်းမတွင် ပြည်သူပါတီ ဥက္ကဋ္ဌဦးကိုကိုကြီးက နှုတ်ခွန်းဆက်စကားပြောကြားခဲ့ကြောင်း သိရသည်။
ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီးမှ ဝင်ရောက် ယှဥ်ပြိုင်ကြမည့် ပြည်သူ့ပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်းများအား ပြည်သူလူထုထံ မိတ်ဆက်အပ်နှံခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ပြည်သူ့ပါတီ စစ်ကိုင်းတိုင်းဒေသကြီး တာဝန်ခံ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးအောင်ခိုင်ဦးက ကျေးဇူးတင်စကားပြောကြားခဲ့သည်။
ပြည်သူ့ပါတီ၏ မဲဆွယ်မိန့်ခွန်းကို နိုဝင်ဘာ ၁၇ ရက်၊ ည ၇ နာရီတွင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားက ထုတ်လွှင့်မည်ဖြစ်ပြီး ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီး ဟောပြောမည်ဖြစ်ကြောင်း သိရသည်။
