၁၆.၁၁.၂၀၂၅
Written by Hey Mar
ပဲခူးတိုင်း၊ အုတ်တွင်းမြို့မှာ ရေနုတ်မြောင်းကျယ်အတွင်း ရေဆင်းကူးရာက ဆယ်ကျော်သက်အရွယ် လူငယ်တစ်ဦး ရေနစ်သေဆုံးခဲ့တဲ့ဖြစ်စဉ် ဒီနေ့ နိုဝင်ဘာ ၁၆ ရက်၊ နေ့လယ်ပိုင်းက ဖြစ်ပွားခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေး အသင်းထံကနေ သိရပါတယ်။
ဖြစ်စဉ်က အုတ်တွင်းမြို့ အနောက်ဘက်အထွက်၊ ပြည်-ပေါက်ခေါင်းလမ်းပေါ် ၊ တံတားဖြူအနီး ရေနုတ်မြောင်းကျယ်မှာ ရေဆင်းကူးရာက အုတ်တွင်းမြို့၊ ကြက်သွန်ခင်း(၂)ရပ်ကွက်နေ မောင်သက်ဝဿန်ဦး အသက်(၁၅)နှစ်မှာ ရေနစ်မြုပ်သွားတာကြောင့် အနီးနားရှိ ပြည်သူတွေက ဝိုင်းဝန်းရှာဖွေရာ အချိန် နာရီဝက်ကျော်ခန့် ရှာဖွေအပြီး ပြန်တွေ့ရှိလို့ အုတ်တွင်းဆေးရုံဆီ ရင်ခုန်သံ ရှင်/ကူယာဉ်နဲ့ အမြန်ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။

ရင်ခုန်သံ ရှင်/ကူ အသင်းမှ တာဝန်ရှိသူက ” တွေ့တွေ့ချင်းအသက်ရှိသေးတယ်လို့ ယူဆရတော့ ဆေးရုံအမြန်ပို့ကြတာ။ ဆေးရုံအရောက်မှာတော့ ကုသမှုခံယူရင် ဆုံးပါတယ်။ အဲဒီနားက ဆည်ရေရော၊ တောင်ကျရေရောနဲ့ ရေသိပ်မပြတ်တော့ လူငယ်တွေ ကလေးတွေ မကြာမကြာ ရေကူးကြတယ်။ ခဏ ခဏလည်း နစ်တာပဲ။ နစ်လိုက်လည်း အသေပဲများတာပါပဲ” လို့ MT News က ဆက်သွယ်မေးမြန်းတာကို ပြန်လည်ဖြေကြားပါတယ်။
အဆိုပါ ရေနုတ်မြောင်းကျယ်အတွင်း အခင်းဖြစ်နေရာမှာပဲ တစ်နှစ်ကို နှစ်ယောက်၊ သုံးယောက် အမြဲသေဆုံးလေ့ရှိတယ်လို့လည်း အသင်းတာဝန်ရှိသူက ကြုံတွေ့ကြားသိထားတာကို ပြန်လည်ပြောပြသလို “အုတ်တွင်းမြို့ထဲနယ်ထဲက မိဘတွေလည်း ခဏခဏ ကြားနေသိနေရက်နဲ့ သားသမီးကို မတားကြ၊ မပြောကြတာဘဲလား၊ ကလေးတွေကပဲ ခိုးသွားတာလားမသိပါဘူး” လို့လည်း ဆိုပါတယ်။
သေဆုံးသူ လူငယ်ရဲ့ ရုပ်အလောင်းကို ရင်ခုန်သံ အသင်းကပဲ ဆေးရုံကနေ နေအိမ်ဆီပြန်သယ်ကာ အအေးခန်းအခေါင်းဆင် အသုဘရှု့ဖို့ ပြင်ဆင်ပေးခဲ့ကြောင်းလည်း သိရပါတယ်။
