◾️ လုံခြုံရေးနှင့်ပတ်သက်သည့် လုပ်ဆောင်သင့် လုပ်ဆောင်ထိုက်သည်များအားလုံးကို အမြဲမပြတ် ဆောင်ရွက်နေရန်ပါ မှာကြား
၁၆. ၁၁. ၂၀၂၅
Written by Nyein Kyaw
အွန်လိုင်းငွေကြေးလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုများကို အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ်ခံယူ၍ ဆက်လက်ရှင်းလင်း တိုက်ဖျက်သွားရမည်ဖြစ်ကြောင်း နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့တွင် အရှေ့တောင်တိုင်းစစ်ဌာနချုပ်၏ စစ်ဦးစီး၊ စစ်ရေးနှင့် စစ်ထောက်ဆိုင်ရာ ဆောင်ရွက်ထားရှိမှု အခြေအနေများအား စစ်ဆေးစဉ် ပြောကြားသည်။
တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း စစ်ဆင်ရေး၊ လုံခြုံရေး၊ နယ်မြေစိုးမိုးရေး လုပ်ငန်းများကို အောင်မြင်အောင် လုပ်ဆောင်နိုင်ရန်လိုကြောင်း၊ ဒေသတွင်းလုံခြုံရေး၊ နိုင်ငံတော်လုံခြုံရေးနှင့် ပတ်သက်လာပါက အစဉ်အမြဲဂရုပြုနေရန်နှင့် အလေးအနက်ထား ဆောင်ရွက်သွားရန်လိုကြောင်း၊ လုံခြုံရေးနှင့် ပတ်သက်သည့် လုပ်ဆောင်သင့်လုပ်ဆောင်ထိုက်သည်များ အားလုံးကိုလည်း အမြဲမပြတ်ဆောင်ရွက်နေရန်လိုကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ပြောကြားသည်။

တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း မဟာဗျူဟာအရအရေးကြီးသည့် လမ်းကြောင်းများအားလုံး လုံခြုံချောမွေ့စွာဖြင့် သွားလာအသုံးပြုနိုင်ရေး ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ အွန်လိုင်းငွေကြေးလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုများကိုလည်း မိမိတို့အနေဖြင့် အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ခံယူ၍ ဆက်လက်ရှင်းလင်းတိုက်ဖျက်ဆောင်ရွက် သွားရမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် မော်လမြိုင်တပ်နယ်ရှိ နယ်မြေခံတပ်မတော်ဆေးရုံတွင် တက်ရောက်ကုသမှုခံယူလျက်ရှိသည့် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များထမ်းဆောင်စဉ် ထိခိုက်ဒဏ်ရာရရှိခဲ့သော အရာရှိ၊ စစ်သည်များအား ထိခိုက် ဒဏ်ရာရရှိခဲ့မှု အခြေအနေများ၊ ရောဂါကုသပျောက်ကင်းမှု အခြေအနေများကို တစ်ဦးချင်း လိုက်လံတွေ့ဆုံ၍ ရင်းနှီးနွေးထွေးစွာမေးမြန်းပြီး အားပေးစကားပြောကြားကာ အရာရှိ၊ စစ်သည်များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
