၁၆. ၁၁. ၂၀၂၅
Written by Nyein Kyaw
အချို့သော ဝန်ထမ်းများ၊ ငြိမ်းချမ်းရေးရယူထားသော တိုင်းရင်းလက်နက်ကိုင်အဖွဲ့အစည်း (EAOs) များ နိုင်ငံတော်အပေါ် သစ္စာစောင့်သိမှုမရှိဘဲ ကိုယ်ကျိုးစီးပွားအတွက် တရားမဝင်ကုန်သွယ်မှုများတွင် ပါဝင်ပတ်သက်နေကြောင်း နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့တွင် မွန်ပြည်နယ်ရှိ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများနှင့် တွေ့ဆုံစဉ် ပြောကြားသည်။

နယ်စပ်ဒေသများ၌ တည်ငြိမ်အေးချမ်းမှုအားနည်းလာသဖြင့် အချို့သောနယ်စပ်ဂိတ်များကို ပိတ်ထားရကြောင်း၊ အချို့သောဝန်ထမ်းများ၊ နိုင်ငံတော်အစိုးရနှင့် ငြိမ်းချမ်းရေးရယူထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် နိုင်ငံတော် အပေါ်သစ္စာစောင့်သိမှုမရှိဘဲ ၎င်းတို့၏ ကိုယ်ကျိုးစီးပွားအတွက် တရားမဝင်ကုန်သွယ်မှုများတွင် ပါဝင်ပတ်သက်လျက်ရှိကြောင်း ယာယီသမ္မတက ပြောကြားသည်။
ထိုကဲ့သို့ တရားမဝင်ကုန်သွယ်မှုများ ဆောင်ရွက်ခြင်းဖြင့် နယ်စပ်ဒေသများရှိ လက်နက်ကိုင်အဖွဲ့အစည်းများကို သက်ဆိုးရှည်စေနိုင်မည်ဖြစ်သကဲ့သို့ နိုင်ငံတော်အနေဖြင့်လည်း ရသင့်ရထိုက်သည့် အခွန်အခများ ရရှိမှုမရှိသည့်အတွက် ထိခိုက်နစ်နာရလျက်ရှိကြောင်း ယာယီသမ္မတက ပြောကြားသည်။

အလားတူ နယ်စပ်ဒေသများ၌ အွန်လိုင်းအသုံးပြုလိမ်လည်မှု (Online Scam) နှင့် အွန်လိုင်းလောင်းကစားမှု (Online Gambling) ကျူးလွန်နေသူများမရှိစေရေး အလေးထားဆောင်ရွက် လျက်ရှိပြီး ၎င်းတို့အခြေပြုဆောင်ရွက်လျက်ရှိသည့် အခြေခံအဆောက်အဦများကိုပါ ဖယ်ရှားရှင်းလင်းခြင်းများ ဆောင်ရွက်လျက်ရှိပြီး ဆက်လက်၍ အမြစ်ပြတ်ချေမှုန်း ရှင်းလင်းသွားမည်ဖြစ်ကြောင်း ယာယီသမ္မတက ပြောကြားသည်။
