◾️ မျိုးဆက်သုံးဆက်တိုင် နိုင်ငံရေးကျဉ်းသားဟောင်းဟုပါ ရေးသားမဲဆွယ်ခဲ့သူဖြစ်
၁၆. ၁၁. ၂၀၂၅
Written by Nyein Kyaw
၂၀၂၁ ခုနှစ် အကြမ်းဖက်လှုပ်ရှားမှုတွင် ၎င်း၏သား ပါဝင်ခဲ့ကြောင်း ပြောဆိုကာ မဲဆွယ်စည်းရုံးခဲ့သည့် သင်္ဃန်းကျွန်းမြို့နယ်၊ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင်မည့် ပြည်သူ့ပါတီ (PP) မှ ကိုယ်စားလှယ်လောင်း ဦးလွင်မြင့်အား အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က ယနေ့တွင် ဖြေကြားထားသည်။

ဦးကိုကိုကြီး ဦးဆောင်သည့် ပြည်သူ့ပါတီ(PP)မှ ကိုယ်စားလှယ်လောင်း ဦးလွင်မြင့်က ၎င်း၏သားသည် ၂၀၂၁ ခုနှစ် အကြမ်းဖက်လှုပ်ရှားမှုတွင် ပါဝင်ခဲ့ကြောင်းနှင့် မကြာသေးမီကမှ ထောင်မှ လွတ်မြောက်ခဲ့ကြောင်းကို “၂၀၂၁ အရေးတော်ပုံ”ဟု သုံးနှုန်းခြင်းနှင့် မဲဆွယ်လက်ကမ်းစာတွင် ၂၀၂၁ နွေဦးတော်လှန်ရေးဟု သုံးနှုန်းခြင်း၊ ထောင်တွင်းနိုင်ငံရေးအကျဥ်းသားများအတွက် ငွေကြေးနှင့်ထောင်ဝင်စာ တစ်တပ်တအား ပါဝင်ကူညီခဲ့ကြောင်း စသဖြင့် ပြောဆို၍ မဲဆွယ်စည်းရုံးသည့် ရုပ်သံကို ထုတ်လွှင့်ပြောဆိုထားကြောင်း သိရသည်။

ထို့ပြင် ၎င်း၏ အဖေသည်လည်း မဆလအစိုးရကို တော်လှန်သဖြင့် အကြိမ်ကြိမ်ထောင်ကျခဲ့ကြောင်း၊ ၎င်းကိုယ်တိုင်လည်း ၁၉၈၈ ခုနှစ်နောက်ပိုင်း ဗကသတွင် ပါဝင်ဆောင်ရွက်ခဲ့ပြီး အကြိမ်ကြိမ်ထောင်ကျခဲ့ကြောင်းပါ ပြောဆိုခဲ့ကြောင်း သိရသည်။

အထက်ပါအတိုင်း ပြောဆိုခဲ့သည့် ဦးလွင်မြင့်သည် ကိုယ်စားလှယ်လောင်း အရည်အချင်း ပျက်ယွင်းခြင်း ရှိ/ မရှိ မီဒီယာများ၏ မေးမြန်းထားမှုအပေါ် UEC က “ဦးလွင်မြင့်ဟာ အကြမ်းဖက်လှုပ်ရှားမှုကို ထောက်ခံအားပေး ပြောဆိုသူဖြစ်သဖြင့် ကိုယ်စားလှယ်လောင်း အရည်အချင်း ပျက်ယွင်းခြင်း ရှိ/ မရှိ UEC မှ ဖြေကြားပေးနိုင်ပါရန် နောင်တော်လေး Myanmar National Post ၏ မေးခွန်းနှင့်စပ်လျဉ်း၍ မေးခွန်းပါအကြောင်းအရာ မှန်ကန်ပါက တရားစွဲအဖွဲ့အစည်းများက သက်ဆိုင်ရာဥပဒေဖြင့် အရေးယူဆောင်ရွက်ရမည် ဖြစ်ပါသည်။ ထိုသို့ အရေးယူဆောင်ရွက်ပြီးလျှင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကလည်း လွှတ်တော်ကိုယ်စားလှယ်လောင်းနှင့် သက်ဆိုင်သော လွှတ်တော်ရွေးကောက်ပွဲ ဥပဒေပြဋ္ဌာန်းချက်များဖြင့် ဆက်လက် အရေးယူဆောင်ရွက်ရမည်ဖြစ်ပါကြောင်း ဖြေကြားအပ်ပါတယ်” ဟု ဖြေကြားထားသည်။
