◾️ ကိုယ်စားလှယ်လောင်းအမည်စာရင်းမှ ပယ်ဖျက်ခံထားရသူများအား ကိုယ်စားလောင်းအဖြစ် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်ရှိသူအဖြစ် ပြန်လည်ကြေညာပေးခဲ့သူ မရှိ
၁၆. ၁၁. ၂၀၂၅
Written by Nyein Kyaw
ရွေးကောက်တင်မြှောက်ခံရသည့် လွှတ်တော်ကိုယ်စားလှယ်များကို ရွေးကောက်ပွဲ အပိုင်းသုံးပိုင်းလုံးပြီးမှ ကြေညာပေးမည်ဖြစ်သော်လည်း ရွေးကောက်ပွဲနေ့ မဲရုံများတွင် မဲပေးခြင်းပြီးဆုံးပါက ဆန္ဒမဲရလဒ်များကို သက်ဆိုင်ရာမဲရုံများ၌ ကပ်ထားပေးမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က ယနေ့တွင် ဖြေကြားထားသည်။
အထွေထွေရွေးကောက်ပွဲကို အပိုင်းသုံးပိုင်းခွဲပြီး ကျင်းပသွားမည်ဖြစ်ပြီး လွှတ်တော်မဲဆန္ဒနယ်အလိုက် ရွေးကောက်တင်မြှောက်ခံရသည့် လွှတ်တော်ကိုယ်စားလှယ်များကို ရွေးကောက်ပွဲ အပိုင်းသုံးပိုင်းလုံးပြီးမှ စုစည်းကြေညာပေးသွားမည်ဖြစ်ကြောင်း UEC က ထုတ်ပြန်ထားပြီးဖြစ်သည်။
“သို့သော်လည်း ရွေးကောက်ပွဲနေ့ မဲရုံများမှာ မဲပေးခြင်းပြီးဆုံးပါက ဆန္ဒမဲရလဒ်များကို ရွေးကောက်ပွဲနည်းဥပဒေပါ ပုံစံများဖြင့်ပြုစုပြီး သက်ဆိုင်ရာမဲရုံများမှာ ကပ်ထားပေးမှာဖြစ်တဲ့အတွက် မည်သူမဆို ကြည့်ရှုနိုင်ကြောင်း ဖြေကြားအပ်ပါတယ်” ဟု UEC က ဖြေကြားသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် သက်ဆိုင်ရာလွှတ်တော် ရွေးကောက်ပွဲ နည်းဥပဒေ ၃၅ အရ လွှတ်တော်မဲဆန္ဒနယ်အလိုက် လွှတ်တော်ကိုယ်စား လှယ်လောင်းများ၏ အမည်စာရင်းကြေညာချက် ပုံစံ (၁၀)၊ (၁၀-က)၊ (၁၀-ခ) များဖြင့် ကော်မရှင်အဖွဲ့ခွဲများတွင် ၂၀၂၅ ခုနှစ် အောက်တိုဘာ ၁၉ ရက်တွင် ကပ်ထားကြေညာပေးခဲ့ပြီးဖြစ်သည်။
ထိုသို့ လွှတ်တော်ကိုယ်စားလှယ်လောင်းအမည်စာရင်း ကပ်ထားကြေညာပြီး နောက်ပိုင်းတွင် အယူခံတင်သွင်းမှုအရဖြစ်စေ၊ အသနားခံစာ တင်ပြချက်အရဖြစ်စေ ရွေးကောက်တင်မြှောက်ခံပိုင်ခွင့် မရှိသဖြင့် အမည်စာရင်းတင်သွင်းလွှာ အပယ်ခံရပြီးမှ လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်ရှိသူဖြစ်ကြောင်း ပြန်လည်ကြေညာပေးခဲ့ရသူများ မရှိကြောင်းကိုလည်း UEC က ဖြေကြားထားသည်။
UEC ၏ ထုတ်ပြန်ထားချက်များအရ လက်ရှိအချိန်အထိ လွှတ်တော်ကိုယ်စားလှယ်လောင်း အရည်အချင်းမပြည့်မီသဖြင့် ပယ်ဖျက်ခံရသူဦးရေ ၈၆ ဦးရှိပြီး ယင်းအနက် ကိုယ်စားလှယ်လောင်းတချို့က အယူခံလျှောက်ထားခဲ့မှုများရှိကြောင်း သိရသည်။
