၁၃.၁၁.၂၀၂၅
Written by Hey Mar
အင်းစိန်မြို့နယ်မှာ သေတမ်းစာတစ်စောင် ချန်ရစ်ကာ အမျိုးသားကြီးတစ်ဦး ကြိုးဆွဲချ (ဆွဲကြိုးချ) အဆုံးစီရင်ခဲ့တဲ့ဖြစ်စဉ် ဒီနေ့ နိုဝင်ဘာ ၁၃ ရက် ညဦးပိုင်းက ဖြစ်ပွားခဲ့တယ်လို့ မြေပြင်အကူအညီသွားရောက်ခဲ့တဲ့ လူမှုကူညီရေးအသင်းထံကနေ သိရပါတယ်။
သေဆုံးသူအမျိုးသားကြီး အသက် ၅၀ ကျော်အရွယ်ဖြစ်ပြီး သူ့ကို ပိုင်ရှင်မဲ့အလောင်းအဖြစ် သင်္ဂြိုဟ်ပေးဖို့ စာရေးတောင်းဆိုခဲ့တာပါ။ အဆိုပါစာမှာပါတဲ့ အကြောင်းအရာတွေက “အကျိုးအကြောင်းမညီမျှလို့ ဖယ်ကျဉ်ခဲ့ကြပြီပဲ၊ဂုဏ်သိက္ခာရှိတဲ့ စွန့်ပစ်ခြင်းနဲ့ ဘာမှ မလုပ်ကြပါနဲ့” လို့ အစချီထားပြီး ထုံးတမ်းတွေအတိုင်း သက်ပျောက်သပိတ် မလုပ်ဖို့၊ ရေအိုး မခွဲ၊ အုန်းသီးမခွဲ ဖို့၊ ကူးတို့ခ ထည့်မပေးဖို့ စတာတွေကို ရေးသားထားပြီး အထီးကျန်မှု၊ ဝမ်းနည်းမှု၊ ဖယ်ကျဉ်ခံရမှုတွေကို စာထဲမှ ဖတ်ရှုရင်း ခံစားရစေပါတယ်။
အဆိုပါ သေဆုံးသူရဲ့ အလောင်းကို သွားရောက်သယ်ဆောင်ခဲ့တဲ့ ကနောင် နာကူ၊ ရှင်ကူအသင်းမှ ကိုသူရိန်က “သေသူအကြောင်း ဘာမှတော့ မသိပါဘူး။ စာကိုတွေ့တော့ အတော်စိတ်မကောင်းဘူး။ သူ့ဆန္ဒအတိုင်းအားလုံးကို သေချာ လုပ်ပေးမှာပါ။ အဆင်မပြေမှုများစွာကြောင့် နောက်ဆုံးသေတမ်းစာ ရေးသားပြီး ကြိုးဆွဲချသေဆုံးသွားပါတယ်” လို့ MT News က ဆက်သွယ်မေးမြန်းတာကို ပြန်လည်ဖြေကြားပါတယ်။
ကွယ်လွန်သူဆန္ဒအတိုင်း ကနောင် နာကူ/ရှင်ကူ အသင်းမှ ရုပ်အလောင်းကို အင်းစိန်ဆေးရုံဆီ ပို့ဆောင်ကူညီပေးခဲ့တယ်လို့ သိရပါတယ်။
