၁၃. ၁၁. ၂၀၂၅
Translated by Thettant
ထိုင်းနိုင်ငံ အီဆန်ဒေသရှိ ဥဒုံဌာနီခရိုင်မှ ထိုင်းအမျိုးသားတစ်ဦးသည် အသက် ၄ နှစ်မှ ၁၀ နှစ်ကြားရှိ မိန်းကလေးငယ် အနည်းဆုံး ၇ ဦးကို အဓမ္မပြုကျင့်သည်နှင့် ၎င်း၏ ဇနီးတွင် HIV ပိုးရှိနေသောကြောင့် သားကောင်များကို HIV ကူးစက်စေသည်ဟု မိဘများကစွပ်စွဲကာ အမှုဖွင့် တိုင်ကြားစာများ ပေးပို့ခဲ့သည်။
စိုးရိမ်ပူပန်နေသော မိဘများသည် Facebook စာမျက်နှာဖြစ်သည့် “Hia Piak Helps” ကို စီမံခန့်ခွဲနေသူ ပနူမတ်စ် “ပီယက်” ဂျစ်ဝါစင်ကူလ်ထံ အကူအညီတောင်းခံခဲ့သည်။ အကူအညီတောင်းခံရခြင်းမှာ နာခါ ရဲစခန်းမှ အရာရှိများသည် အောက်တိုဘာ ၂၁ ရက်နေ့က အမှုဖွင့် တိုင်ကြားခဲ့သော သက်ငယ်မုဒိမ်း ပြုကျင့်သည့် လိင်ပိုင်းဆိုင်ရာ စော်ကားမှုဖြစ်စဉ်များအတွက် မည်သည့်တုံ့ပြန်မှုရလဒ်မှ မပေးခဲ့ခြင်း ကြောင့်ဖြစ်ကြောင်း ၎င်းတို့က ပြောကြားခဲ့သည်။
မိဘများ၏ ပြောကြားချက်အရ “တီယာ” (Tia) ဟုသိရှိရသော အဆိုပါ အမျိုးသားသည် မိန်းကလေးငယ် အနည်းဆုံး ၇ ဦးကို လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့ခြင်း ဖြစ်သည်။ ၎င်းသည် အသက် ၅၀ ဝန်းကျင်ရှိပြီး ဥဒုံဌာနီ၊ မူမွန်ရပ်ကွက်၊ ဘန်နောင်ဝဲင်ရွာတွင် ပြုကျင့်ခံရသူများအသိုင်းအဝိုင်းတွင် နေထိုင်သူဖြစ်သည်။

သို့သော် တရားဝင်တိုင်ကြားခဲ့သူ မိသားစု သုံးစုသာ ရှိပြီး ကျန်မိသားစုများမှာ ရှက်ရွံ့ကြောက်ရွံ့၍ တိုင်ကြားခြင်း မပြုရဲသေးကြောင်း သိရသည်။ ပနူမတ်စ်သည် ပြုကျင့်ခံရသည့်ကလေးငယ်များ၏ မိဘများကို အမှုကိစ္စ လိုက်လံဆောင်ရွက် ကူညီပေးခဲ့ရာ မိခင်သုံးဦးသည် နိုဝင်ဘာ ၁၁ ရက်နေ့တွင် အာဏာပိုင်များနှင့် တွေ့ဆုံခွင့်ရခဲ့သည်။
မိခင်တစ်ဦးက သူမ၏သမီးသည် တီဗီတွင် သတင်းကြည့်နေစဉ် လိင်ပိုင်းဆိုင်ရာ စော်ကားမှုဆိုသည်မှာ ဘာကိုဆိုလိုသလဲဟု တစ်ကြိမ်မေးမြန်းခဲ့ကြောင်း ရဲများကို ပြောပြခဲ့သည်။ ထပ်မံ မေးမြန်းကြည့်ရာတွင် မိန်းကလေးငယ်က တီယာသည် သူမအား ၎င်း၏အိမ်သို့ လှည့်ဖြားခေါ်ဆောင်ကာ ရေချိုးခန်းတစ်ခုတွင် အဓမ္မပြုကျင့်ခဲ့ကြောင်း ဖွင့်ဟခဲ့သည်။
အခြားမိခင်တစ်ဦးက သူမ၏သမီးသည် လိင်အင်္ဂါနာကျင်မှုနှင့် ပတ်သက်၍ မကြာခဏ ညည်းညူခဲ့ကြောင်း ပြောကြားခဲ့သည်။ သမီးငယ်၏ လိင်အင်္ဂါတွင် ရောင်ရမ်းခြင်း၊ နီရဲခြင်းနှင့် အနံ့ဆိုးထွက်သော အဝါရောင်အရည်များ ဆင်းနေသည်ကို သတိထားမိခဲ့သည်။ ဘာဖြစ်ခဲ့သည်ကို သူမ၏သမီးအား မေးမြန်းသောအခါ မိန်းကလေးငယ်က တီယာသည် သူမအား လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့သည်ဟု ပြောပြခဲ့သည်။

ဤတွင် မိခင်က တီယာသည် ဆွေမျိုးတော်စပ်သူဖြစ်ကြောင်း ထပ်လောင်းပြောဆိုခဲ့ပြီး၊ ၎င်းက သူမ၏ ကလေးကို ထိုသို့လုပ်ဆောင်လိမ့်မည်ဟု ဘယ်တုန်းကမှ မထင်ခဲ့မိကြောင်း၊ အလွန်အံ့အား သင့်ပြီး စိတ်ပျက်ခဲ့ရကြောင်း ပြောကြားခဲ့သည်။
ထို့အပြင် မိဘများသည် တီယာ၏ ဇနီးတွင် HIV ပိုးရှိကြောင်း သိရှိထားပြီး ဒေသခံ အုပ်ချုပ်ရေးရုံးမှ ကူညီထောက်ပံ့မှုများ လက်ခံရယူနေသည့်အတွက် တီယာတွင်လည်း HIV ပိုးရှိနေမည်ကို စိုးရိမ် ပူပန်နေကြသည်။ ပနူမတ်စ်၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် ရဲများသည် ဆောက်လုပ်ရေးလုပ်သားအဖြစ် လုပ်ကိုင်နေသည့် အိမ်တစ်အိမ်၌ တီယာကို နိုဝင်ဘာ ၁၁ ရက် နောက်ပိုင်းတွင်မှ ဖမ်းဆီးခဲ့သည်။ ထို့နောက် တီယာကို ရဲစခန်းသို့ ခေါ်ဆောင်၍ စစ်ဆေး မေးမြန်းခဲ့သော်လည်း သံသယတရားခံကမူ စွပ်စွဲချက်အားလုံးကို ငြင်းဆိုခဲ့သည်။
ရဲတပ်ဖွဲ့က တီယာအား လိင်ပိုင်းဆိုင်ရာ ညစ်ညမ်းစွာ စော်ကားမှုနှင့် ကလေးသူငယ် ခိုးယူမှုတို့ဖြင့် ယခုအချိန် ဖမ်းဆီးထိန်းသိမ်းထားသည်။ မှုခင်းဆေးဖက်ဆိုင်ရာ စစ်ဆေးမှုရလဒ်များက လိင်ပိုင်းဆိုင်ရာ အဓမ္မပြုကျင့်မှုကို အတည်ပြုပါက ထပ်မံ၍ စွဲချက်တင်သွားမည်ဖြစ်သည်။ စစ်ဆေးချက် ရလဒ်များကမူ နိုဝင်ဘာ ၂၁ ရက်နေ့မှသာ ထွက်ရှိမည်ဟု မျှော်လင့်ရသည်။
တစ်ချိန်တည်းမှာပင် ပြုကျင့်ခံရသည့် ကလေးငယ်များ၏ မိဘများက တီယာအား အာမခံမပေးရန် တရားဝင် တောင်းဆိုထားသည်။
Ref : The Thaiger
